Ko Zat- Tachileik News Agency
တာချီလိတ်၊ မတ်လ (၃၀) ရက်
ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနိုင်ငံနယ်စပ် ချင်းရိုင်းခရိုင်တွင် တည်ဆောက်နေသည့် အထူးစီးပွားရေးဇုန် အတွက် အိမ်နီးချင်းနိုင်ငံများမှ လုပ်သားများခေါ်ယူရေးကို အစီအစဉ်ရေးဆွဲရန်စီစဉ်နေကြောင်း တာချီလိတ်မြို့တွင် ကျင်းပသည့် နှစ်နိုင်ငံနယ်ခြားကော်မတီအစည်းအဝေးမှ သိရသည်။
အဆိုပါအစည်းအဝေးအား မတ်လ(၂၉)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
"ကျွန်မတို့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်ထဲမှာ အထူးစီးပွားရေးဇုန် တည်ဆောက်နေပါတယ်။ အဲဒီအထူးစီးပွားရေးဇုန်တည်ဆောက်ပြီးသွားရင် အိမ်းနီးချင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်လိုစနစ်နဲ့ ခေါ်မယ်ဆိုတာတော့ မသိရသေးပါဘူး"ဟု မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုတိယရဲမှူးကြီး ဖနော်က ပြောသည်။
နယ်ခြားကော်မတီအစည်းအဝေးတွင် ချင်းရိုင်းခရိုင်အတွင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအား တရားမ၀င်အလုပ်သမားများအဖြစ် ဖမ်းဆီးနေမှုများအပေါ် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ရာ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အထူးစီးပွားရေးဇုန်တည်ဆောက်လျှက်ရှိရာ ၎င်းအထူးစီးပွားရေးပြီးစီးပါက အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမားများအား နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ခေါ်ယူရန်စီစဉ်နေပြီး လက်ရှိတွင်မူ ထိုင်းအလုပ်သမား ဥပဒေကိုသာ ကျင့်သုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ထွက်ကုန်များနှင့် ဒေသတွင်း ကုန်စည်များအား အာစီယံစီးပွားရေးဇုန်တည်ဆောက်မှုအပြီးတွင် ဖြစ်ပေါ်လာမည့် အာစီယံလွတ်လပ်စွာကုန်စည်စီးဆင်းမှုဖြစ်ပေါ်လာနိုင်မှုအတွက် အထူးစီးပွားရေးဇုန် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
အထူးစီးပွားရေးဇုန်အား မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ ထိစပ်ဧရိယာအနီးရှိ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းရိုင်းခရိုင်အတွင်း မယ်ဆိုင်၊ ချင်းဆဲန်၊ ချင်းခေါင် မြို့နယ်များတွင် ASEAN Economic Community (AEC)အမှီ တည်ဆောက်လျှက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ(၆၀)ရှိခဲ့ပြီး နှစ်စဉ်ဆက်တိုက် ကုန်သွယ်မှု မြင့်တက်လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။