တောင်ကြီး - တာချီလိတ်လမ်းပိုင်းတွင် ခရီးသည်တင်ကားများ မြို့ဝင်ကြေးအပြင် တရားမ၀င်ဂိတ်ကြေး ပေးဆောင်ရမှု များရှိသဖြင့် မော်တော်ယာဉ်စီးနင်းခကို လျှော့ချ၍မရဖြစ်နေကြောင်း မော်တော်ယာဉ် မောင်းနှင်သူများထံမှ သိရသည်။
"ကျွန်တော်တို့ တရားမ၀င်ပစ္စည်းသယ်တာလည်း မဟုတ်ဘူး။ လူကုန်ကူးတာလည်း မဟုတ်ဘူး။ ဌာနဆိုင်ရာဂိတ်တွေကို တစ်ဂိတ် ကျပ်သုံးထောင်နှုန်းနဲ့ ပေးရတာဗျ။ မပေးရင်လည်း ကားကိုပေးမထွက်ဘဲ ရစ်နေတော့ ပေးရတာပေါ့ဗျာ" ဟု တောင်ကြီး-တာချီလိတ် ခရီးသည်တင် ယာဉ်မောင်းကိုခွန်ဇော်က ပြောသည်။
လမ်းတစ်လျှောက်တွင် သံလွင်မြစ်ကူးတံတားရှိ ကွန်ဟိန်းမြို့နယ် အပိုင် ဂိတ်များတွင် ပေးဆောင်ရမှု ပိုမိုများပြားပြီး တစ်ဂိတ်လျှင် ကျပ်သုံးထောင်နှုန်းဖြင့် (၇)ဂိတ်ခန့် ပေးဆောင်ရပြီး အဆိုပါ ဂိတ်များတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ကဲ့သို့ ဌာနဆိုင်ရာဂိတ်များလည်းပါဝင်ကြောင်း ယာဉ်မောင်းများထံမှသိရသည်။
"လမ်းမှာခေါင်းစဉ်မဲ့ တောင်းတဲ့သူတွေ များနေလို့ ကားခတွေလည်း ဈေးမကျဘူး။ ဒါတွေ မရှိတော့ရင် ကားစီးတဲ့ ခရီးသည်တွေအတွက်လည်း ကားခတွေ ဈေးကျသွားမယ်။ ခရီးသွားလုပ်ငန်းလည်း ကောင်းမွန်လာမယ်ဗျ။ အခုတော့ ကားခပိုတောင်းရတာ သူတို့အတွက်ဖြစ်နေတော့ ပြည်သူတွေ နစ်နာတယ်ဗျ"ဟု တောင်ကြီး - တာချီလိတ်လမ်းပိုင်း မောင်းနေသည့် ယာဉ်လိုင်းမှ ကားသမားတစ်ဦးက ပြောသည်။
တောင်ကြီး - တာချီလိတ်လမ်းတွင် တစ်မြို့တွင် မြို့ဝင်ကြေး ကျပ်နှစ်ထောင်မှ သုံးထောင်ကျပ်အထိ ပေးရသဖြင့် ခရီးတစ်ခေါက်လျှင် ဂိတ်ကြေးငွေ ကျပ်ခြောက်သောင်းကျော် ကျသင့်သော်လည်း ဌာနဆိုင်ရာ ဂိတ်များတွင် ပေးချေရမှုမှာ မည်သည့် အတွက်ကြောင့် ပေးချေရသည်ကို မသိရကြောင်း ခရီးသည်တင် ယာဉ်မောင်းနှင်သူများထံမှ သိရသည်။
" ဒီလမ်းကြောင်းမှာ မပေးရင် ကားသမားတွေလည်း အဆင်မပြေကြဘူး။ ဒါမျိုး ပေးနေတာ နှစ်ပေါင်း ကြာပြီဆိုတော့ ထုံးစံလိုဖြစ်နေပါပြီ"ဟု ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောသည်။
တောင်ကြီး - တာချီလိတ် လမ်းကြောင်းတွင် တာချီလိတ်၊ ကျိုင်းတုံ၊ သံလွင်မြစ်ကူးတံတားတို့တွင် ဌာနဆိုင်ရာ စုပေါင်းဂိတ်များရှိပြီး တရားမ၀င် ကုန်စည်စီးဆင်းမှုနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အတွက် စိစစ်ရေးဂိတ်များ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။