ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအား ကော့စမွေ တရားရုံးက သေဒဏ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအကြား မြန်မာအစိုးရ၏ အကာအကွယ်ပေးနိုင်မှုအပေါ် စိုးရိမ်နေကြောင်း သိရသည်။
"ထိုင်းနိုင်ငံအတွင်းကို မဖြစ်သာလို့သာ အလုပ်လာလုပ်နေရတာ ပြဿနာတစ်ခုခုဖြစ်တိုင်း၊ ကျွန်မတို့ မြန်မာနိုင်ငံသားတွေပဲ ခံရတာများနေတယ်။ ဘယ်သူ့ကို အကူအညီတောင်းရမလဲ။ ဘယ်သူ့ကို အားကိုးရမလဲဆိုတာကို မသိလောက်အောင် ဖြစ်နေပါတယ်။ ဒီနေ့ မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ် အမိန့်ချတာကိုပဲကြည့် မြန်မာနိုင်ငံသားတွေအတွက် ထိရောက်တဲ့ ကူညီမှုတွေ မရှိဘူးဆိုတာ ထင်သာမြင်သာ ဖြစ်နေတယ်"ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ထမင်းဆိုင်တွင် လုပ်ကိုင်နေသူ မချောစုက ပြောသည်။
လိပ်ကျွန်းလူသတ်မှုအတွက် ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟုဆိုကာ ထိုင်းတရားသူကြီးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် သေဒဏ်ပြစ်ဒဏ်အပါအဝင် ပြစ်မှု(၇)မှုလုံး ကိုလည်း သီးခြားပြစ်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ(၂၄)နှစ် နှင့် ဟန်နာဝစ်သာခ်ျ(၂၃)နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ညသန်းခေါင်ယံအချိန်တွင် ထိုင်းနိင်ငံ လိပ်ကျွန်း ၌ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က မြန်မာအလုပ်သမား လူငယ်နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ကို လူသတ်မှုကျူးလွန်သည်ဟု ဆိုကာ စွပ်စွဲဖမ်းဆီး ထားခြင်းဖြစ်သည်။
အမှုကိုအောက်တိုဘာ ၁၁ ရက်ကပင်အပြီးသတ် စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ( ၂၄ )ရက်တွင် အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပြီးအမိန့်ချသည့်ရုံးချိန်းသို့ သေဆုံးသူနှစ်ဦး၏ မိဘများ၊ အင်္ဂလန်သံရုံးမှတာဝန်ရှိသူများ၊ မြန်မာသံရုံးမှတာဝန်ရှိသူ များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
"ထိုင်းဘက်နိုင်ငံသား တစ်ယောက်ယောက် ကျွန်တော်တို့ တာချီလိတ်မှာ ဖမ်းခံရတာတို့ တခုခုဖြစ်တာတို့ဆိုရင် ထိုင်းဘက်က ကြားကြားချင်းပဲ တာချီလိတ်ကို လာပြီး သူတို့ နိုင်ငံသားအတွက် ကူညီတယ်၊ မြန်မာဘက်ကတော့ အဲ့လိုမဟုတ်ပါဘူး၊ မယ်ဆိုင်ဘက်မှာ မြန်မာနိုင်ငံသား တစ်ခုခုဖြစ်ရင် လျစ်လျူရှုထားတာများပါတယ်"ဟု တာချီလိတ်ဒေသခံ ကိုစိုင်းနော်ခမ်းက ပြောသည်။
ယနေ့အပြီးသတ်စီရင်ချက်ချရာတွင် ရဲများ၏DNA စစ်ချက်ကိုသာအတည်ယူပြီး အပြစ်ရှိကြောင်းဆုံး ဖြတ်လိုက်ခြင်းဖြစ်သောကြောင့် လိုက်ပါကူညီနေသူ များက ပြစ်ဒဏ်ကိုအယူခံဆက်တက်သွားမယ်ဖြစ်ကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက် ရေးမဟာမိတ်ကော်မတီ-ထိုင်းနိင်ငံမှ ကိုရဲမင်းထံမှ သိရသည်။
“ထိုင်းနိင်ငံရဲ့ ဥပဒေအရ သေဒဏ်ကိုပယ်ဖျက်နိုင်တဲ့ အယူခံဝင်ခွင့်နောက်ထပ် နှစ်ဆင့်ကျန်ပါသေး တယ်။ ထိုင်းဘုရင်မင်းမြတ်ရဲ့ မွေးနေ့တော်တွေမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေပေးလေ့ရှိတဲ့ သာဓ ကတွေလည်း ရှိနေပါသေးတယ်။ ခုအမိန့်ချမှတ်တာ ကခရိုင်တရားသူကြီးအဆင့်ပါ။ နိင်ငံတော်အဆင့် တရားရုံးတော်ကို ဦးတိုက်လျှောက်ထားပြီး အယူခံ ဝင်နိုင်ခွင့်ရှိပါတယ်။ “ဟု ကိုရဲမင်းကဆိုသည်။
ယနေ့ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး ဒီနေ့အဖြစ်အပျက်ကို နမူနာယူပြီး ထိုင်းရောက် မြန်မာလူငယ်တွေအနေနဲ့ ဘယ်အရာကိုမှ လက်လွတ် စပယ်မနေကြဘဲ သွားသတိလာသတိနဲ့ အရာရာတိုင်းကို သတိထားလုပ်ကိုင်ကြစေချင်ပြီး တကယ် ဖြစ်လာရင် မိမိတို့မှာ သူများနိုင်ငံမှာခိုကပ်နေကြရတာကြောင့် တကယ်ထိထိရောက်ရောက်ကယ်သူ မဲ့ပြီး ယ္ခု လိုအဖြစ်ဆိုးမျိုးတွေအချိန်မရွေးဖြစ်ပျက် သွားနိင်တယ်ဆိုတာ သတိပေးတင်ပြအပ်ပါသည် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်ကော်မတီ-ထိုင်းနိုင်ငံက ထုတ်ပြန်ထားသည်။
"သူတို့နိုင်ငံအတွက် အရှက်သိက္ခာတွေနဲ့ ပတ်သက်လို့ အခုလို ကိစ္စမျိုးတွေဖြစ်လာရင် ပြည်ပနိုင်ငံတွေက ဖိအားပေးလာတဲ့အခါဆို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ထိုးထိုးကျွေးသလို ဖြစ်နေတယ်။ အဲလိုမျိုးဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ အရမ်းနဲ့ ထိခိုက်နစ်နာမှုရှိပါတယ်။ အသေးအမွှားကိစ္စတွေက အစ အနိုင်ကျင့်ခံရတာလည်း ကျွန်တော်တို့ မြန်မာလုပ်သားတွေပါပဲ"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအား ကူညီပေးနေသူ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
မြန်မာနိုင်ငံသားနှစ်ဦးအပေါ် ထိုင်းဘက်မှ သေဒဏ်အဖြစ် အမိန့်ချလိုက်သတင်း ထွက်ပေါ်ပြီးနောက် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရမှ အဆင့်ဆင့် အယူခံဝင်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၎င်းရဲ့ Facebook တွင် ပြောဆို ရေးသားထားသည်။