ဆိုင်ကယ်

ဆိုင်ကယ်
ဒီဇင်ဘာ 8, 2015
By Tachileik News Agency

တာချီလိတ်မြို့ ဆိုင်ကယ် အရောင်းအ၀ယ် ဈေးကွက်တွင်း ထိုင်းနိုင်ငံထုတ် Honda Wave မော်ဒယ်(၂၀၁၆)များ ၀င်ရောက်လျှက်ရှိကြောင်း သိရသည်။

"ဈေးကွက်ထဲကို ဆိုင်ကယ်ဝင်လာတာ (၁)လကျော်ပတ်ဝန်းကျင်ဘဲရှိသေးတယ်၊ အရင်နှစ်က ထွက်တဲ့ ဆိုင်ကယ်နဲ့ သိပ်မကွာပါဘူး၊ စတစ်ကာနဲ့ နောက်ဖင်ပုံစံလောက်ဘဲနည်းနည်းကွာသွားတာ"ဟု ဆိုင်ကယ်ဝယ်ရောင်းလုပ်သူ ကိုမျိုးမှပြောသည်။

Honda Wave ဆိုင်ကယ်များမှာ ဈေးကွက်တွင်း အရောင်းရဆုံးဆိုင်ကယ်အမျိုးစားဖြစ်ကြောင်း၊ ဆိုင်ကယ်တွင် (125)ဆွဲအားနှင့် (110)ဆွဲအားဟူ၍ နှစ်မျိုးရှိရာ (125)မှာ ဈေးပိုကြီးကြောင်း၊ Start ပါဝင်သော ဆိုင်ကယ်များမှာ ဈေးပိုပေးရကြောင်း ၎င်းထံမှသိရသည်။

"၂၀၁၆ အသစ်ထွက်တာ (125)ဆိုရင် တစ်စီးကို (၅၄၀၀၀)ဘတ်ရှိတယ်၊ (110)ဆိုရင်တော့ (၅၀၀၀၀)ပတ်ဝန်းကျင်လောက်မှာရှိတယ်၊ ဆိုင်ကယ်အရောင်ပေါ်လိုက်ပြီး လူကြိုက်များတာ နည်းတာတော့ရှိတာပေါ့ အခုတော့ အဖြူနှင့် အပြာရောင်တွေပိုရောင်းရသလိုဘဲ"ဟု ဈေးကွက်တွင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူ ကိုဖြိုးမင်းမှပြောသည်။

နှစ်ကုန်ပြီဖြစ်သည့်အတွက် ဈေးကွက်တွင်းသို့ ထိုင်းဆိုင်ကယ်အမျိုးအစား မျိုးစုံ အသစ်ရောက်ရှိသော်လည်း တာချီလိတ်မြို့ပေါ်နှင့် ဒေသအတွင်း Honda Wave ဆိုင်ကယ်များသာ လူကြိုက်များမှုရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net