တာလော့ဈေးတွင် အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်မှုဖြင့်

တာလော့ဈေးတွင် အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်မှုဖြင့်
ဧပြီ 6, 2016
By Tachileik News Agency

တာလော့ဈေးတွင် အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်မှုဖြင့် ထိုင်းနိုင်ငံသားအား အမှုဖွင့်ထား
ကိုဇက် – Tachileik News Agency
တာချီလိတ်၊ ဧပြီလ (၅) ရက်
ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)ဖြင့် တာချီလိတ်မြို့၊ တာလော့ဈေးအတွင်း လာရောက် ဈေးရောင်းချနေသော ထိုင်းနိုင်ငံသားက  အမျိုးသမီးတစ်ဦးအား အသက်အန္တရာယ်အား ခြိမ်းခြောက် ပြောဆိုကာ ကာယိနြေ္ဒ ပျက်စေမှုဖြင့်  တာချီလိတ်မြို့မရဲစခန်းတွင် တိုင်ကြားခံရကြောင်း သိရသည်။
တာလော့ဈေးအတွင်း ဈေးရောင်းချနေသည့် အဆိုပါ အမျိုးသမီးအား ဧပြီလ(၄)ရက်နေ့ နံနက်ပိုင်းတွင်  အတူတူဈေးရောင်းချနေသည့် ထိုင်းနိုင်ငံသားက ခြိမ်းခြောက်သည်ဟုဆိုကာ တာချီလိတ်မြို့မရဲစခန်းတွင် တိုင်ကြားထားခြင်းဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက အဆိုပါ ထိုင်းနိုင်ငံသားအား  ဗီဇာစည်းကမ်းချိုးဖောက်မှုနှင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
"တာလော့ဈေးထဲမှာ  ဈေးလာရောင်းနေတဲ့ ထိုင်းနိုင်ငံသားက ဈေးအတူတူရောင်းနေတဲ့ ရှမ်းအမျိုးသမီးကို "မယ်ဆိုင်လာရင် သိတဲ့လူနဲ့ ပိုက်ဆံပေးပြီးသတ်ခိုင်းမယ်လို့" ခြိမ်းခြောက်ပြောဆိုပြီး ကာယိနြေ္ဒပျက်စီးအောင် ပြုလုပ်တယ်ဆိုပြီး  နစ်နာသူက လာတိုင်ထားတာပါ။ သူ့ကို စစ်ဆေးကြည့်လိုက်တော့  ကျွန်တော်တို့နိုင်ငံကို ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)နဲ့ ဈေးလာရောင်းနေတာတွေ့လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လ၀က အက် ဥပဒေနဲ့ တရားထပ်စွဲထားတာပါ"ဟု တာချီလိတ်မြို့မစခန်းမှူး ဒု-ရဲမှူး ကျော်သန်းက ပြောသည်။
တာလော့ဈေးတွင်း နံနက်ခင်း ဈေးဆိုင်များခင်းနေစဉ် တရားလို မနန်းရွှေယုန်အား မျက်နှာချင်းဆိုင်တွင် ရောင်းချနေသည့် ထိုင်းနိုင်ငံသားပိုင် P Shop အိတ်ဆိုင်ပိုင်ရှင် အိုက်ပီး(ခ) Mr,Pradittham က ဈေးဆိုင်ခုံများ လာမရွှေ့ရန် ပြောရာတွင် လူပုံအလယ်၌ ခန္ဓာကိုယ်ဖြင့်ဝင်တိုက်ကာ အနီးရှိ ဈေးသည်(၄)ဦးအား "နင်တို့ကို မကြောက်လို့ မယ်ဆိုင်က ဈေးလာရောင်းတာ" "ဟိုဘက်ကမ်းရောက်ရင်နင်တို့ကို သတ်ပစ်မယ်  ၊ ငါ့ကိုဘာကောင်ထင်သလဲ တိုင်ချင်ရာတိုင်"ဟု ခြိမ်းခြောက်ပြောဆိုသည့်အပြင်  ဆိုင်နီးချင်းဈေးသည်များအား ဓာတ်ပုံရိုက်ကာ "ဟိုဘက်ကမ်းမှာ သိတဲ့လူနဲ့ သတ်ခိုင်းမယ်"ဟု ပြောဆိုခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းသို့ မနန်းရွှေယုန်မှ တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တာလော့ဈေးထဲမှာ ထိုင်းတွေ၊ တရုတ်တွေ နိုင်ငံကူးလက်မှတ်တွေနဲ့ ဈေးလာရောင်းနေကြတာပဲ။ သူတို့မယ်ဆိုင်မှာ ကျွန်တော်တို့ တာချီလိတ်က မြန်မာတွေ ဈေးသွားရောင်းရင် ရောင်းခွင့်မရှိဘူးဆိုပြီး ဖမ်းတယ်ဗျ။ သူတို့ ဥပဒေမှာ အလုပ်သမားကတ် နဲ့ အလုပ်လုပ်တဲ့သူက ဈေးရောင်းခွင့်မရှိဘူးတဲ့။ မယ်ဆိုင်မှာ စစ်ဆေးရေးဝင်ရင် ကျွန်တော်တို့ မြန်မာတွေ အမြဲပြေးနေရတာပဲ။  ကျွန်တော်တို့ဆီက လူကြီးတွေက နားလည်မှုပေးပြီး ဘာမှမလုပ်တာကို သူတို့က စော်ကားတာဗျ"ဟု တာလော့ဈေးတွင်းမှ ဈေးသည်တစ်ဦးက ပြောသည်။
အဆိုပါ ထိုင်းနိုင်ငံသားအား အမျိုးသမီးကို ကာယိနြေ္ဒပျက်စီးစေမှုနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၆၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၅၄/၅၀၆ ဖြင့်လည်းကောင်း  ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၄(၁)အား ကျူးလွန်သဖြင့် လည်းကောင်း တာချီလိတ်မြို့မရဲစခန်း (ပ)၆၉/၂၀၁၆၊ လ၀က အက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net