နိုနို -Tachileik News Agency
တောင်ကြီး၊ အောက်တိုဘာလ (၁၉) ရက်
တောင်ကြီးမြို့နယ်အတွင်း အဆောက်အဦဆောက်လုပ်ခြင်း၊ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ခြင်း များလာသည်နှင့်အမျှ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတိုးလာသဖြင့် တစ်ဆိုင်ချင်းရောင်းအား ကျဆင်းသွားကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်ထားသူများထံမှ သိရသည်။
“အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွေက နေရာတိုင်းမှာကိုဖွင့်လာကြတော့ အရောင်းအ၀ယ်က ဒီနှစ်အရမ်းအေးတယ်။ မျှပြီးရောင်းရသလိုဖြစ်သွားတာ။ ဒီမှာမြို့အနေအထားက မြေပြန့်လောက်မကျယ်တော့ ဈေးကွက်ကျဉ်းတာကြောင့်လည်းပါမယ်” ဟု အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ မမိုးမိုးက ကပြောသည်။
တောင်ကြီးမြို့ အိမ်ဆောက်ပစ္စည်းဈေးကွက်မှာ ကလောမြို့မှတစ်ဆင့် တင်သွင်းရောင်းချနေခြင်းနှင့် တောင်ကြီးမြို့ပေါ်ရှိဆိုင်ကြီးများမှတစ်ဆင့် မြို့နယ်အတွင်းဆိုင်များသို့ တစ်ဆင့်ပြန်လည်ဖြန့်ဝေရောင်းချ နေခြင်းဖြစ်ကြောင်း သိရသည်။
“အုတ်/သဲ/ကျောက်ကို ဒေသအတွင်းကထွက်တာကိုပဲသုံးတယ်။ သဲဆိုရင် တောင်ဖြိုသဲနဲ့ အုတ်ဆိုရင်လည်း ဒေသတွင်းကလက်ရိုက်အုတ်ကိုပဲ သုံးကြတယ်။ မြေပြန့်ကနေမမှာဘူး။ ဈေးတွေကတော့ အရင်နှစ် တွေအတိုင်းပဲ အပြောင်းအလဲ သိပ်မရှိဘူး။ ဆိုင်များလာလို့အရောင်းအ၀ယ်ပါးသွားပဲရှိတယ်။အများနဲ့ဆိုတော့ ဈေးလည်းတင်လို့မရဘူး။ အမြတ်လည်းနည်းတယ်။”ဟု လပြည့်ဝန်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အိမ်ဆောက်ပစ္စည်းဈေးကွက်အတွင်း အရောင်းသွက်ပစ္စည်းများမှာ သွပ်နှင့် နဂါးတံဆိပ်ဒေသထွက် ဘိလပ်မြေတို့ဖြစ်ပြီး ဘိလပ်မြေတစ်အိတ်လျှင် ကာလပေါက်ဈေး ကျပ် (၄၈၀၀) ၊ သွပ်တစ်ပေလျှင် ကျပ် (၃၃၀) မှ (၃၅၀) အထိ ၊ သဲ ဈေးနှုန်းမှာ ထော်လာဂျီတစ်စီးလျှင် ကျပ်(၂၃၀၀၀)၀န်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ