မဲခေါင်မြစ်အား ဖြတ်သန်းတည်ဆောက်ထားသော မြန်မာ - လာအို ချစ်ကြည်ရေးတံတား ဖွင့်လှစ်မှု (၅)လ ကြာမြှင့်ခဲ့သော်လည်း ယနေ့အချိန်ထိ ကုန်စည်စီးဆင်းမှု မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။
"ကုန်ကားတွေတော့ သွားတာ တစ်ခါမှမတွေ့ဘူး ကျွန်တော်တို့ဒေသခံတွေဘဲ လာအိုဘက် ဈေးသွားတာတို့၊ အလည်သွားတာတို့ဘဲရှိတယ်"ဟု ဒေသခံ စိုင်းလုံမှပြောသည်။
လာအို-မြန်မာချစ်ကြည်ရေးတံတားမှ လူတစ်ဦးလျှင် ထိုင်းဘတ်(၂၀)နှုန်း၊ ဆိုင်ကယ်(၁)စီးကို ဘတ်(၄၀)ဖြင့် ဖြတ်သန်းသွားလာလျှက်ရှိကြောင်း သိရသည်။
"အရင်ကတော့ ဒေသခံတွေ လာအိုဘက်သွားရင် လှေနဲ့သွားရတာ အခုတော့ ဆိုင်ကယ်နဲ့သွားလို့ရတော့ လွယ်ကူလာတာပေါ့ ကုန်ပစ္စည်းသယ်တာတော့ တစ်ခါမှမရှိသေးဘူး တရုတ်ပြည်က သဘောင်္နဲ့ မဲခေါင်မြစ်အတိုင်း ကုန်စည်စီးဆင်းတာဘဲရှိတယ်"ဟု ကျိုင်းလပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဖြစ်သူ ကိုပေါလုမှပြောသည်။
ဒေသခံများ ချစ်ကြည်ရေးတံတားမှ (၈)မိုင်ခန့်ကွာဝေးသော လာအိုနိုင်ငံ ကျိုင်းခုတ်အထိ သွားရောက်လည်ပတ်မှုများကြောင်း၊ အများစုမှ ဈေးဝယ်သွားခြင်းနှင့် သွားရောက်လည်ပတ်ခြင်းသာရှိကြောင်း၊ ချစ်ကြည်ရေးတံတားပေါ်တွင် ဌာနဆိုင်ရာအနေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် တံတားစောင့်ရဲတပ်ဖွဲ့ဝင်များသာရှိကြောင်း ၎င်းထံမှသိရသည်။
ကျိုင်းလပ်မြို့နယ်အတွင်း အောက်တိုဘာလအတွင်း ရေဘေးအန္တရာယ်ကျရောက်ခဲ့သဖြင့် ပြည်ထောင်စုလမ်းကြီးနှင့်ချိတ်ဆက်ထားသော တံတားများနှင့် လမ်းပိုင်းများပျက်စီးသွားခဲ့သော်လည်း ယခုအခါ (၈၀%)ခန့်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ တံတားများမှာ ယာယီ ဘေလီတံတားများသာ တည်ဆောက်ထားရှိကြောင်း သိရသည်။
လာအို-မြန်မာချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတားအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လာအို သမ္မတ မစ္စတာ ကျူမာလေဆိုင်ရာဆွန်မှ ၂၀၁၅ခုနှစ် မေလ(၉)ရက်နေ့တွင် ဒေသတွင်းကုန်စည်စီးဆင်းမှုမြှင့်တက်စေရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။