နေဖြိုးမြင့် - Tachileik News Agency
ကျောက်မဲ ၊ နိုဝင်ဘာလ (၂) ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါးအများအပြားရောင်းချနေသူ(လက်ကြီးသမား) များ၏ သတင်းပေးနိုင်သူကို ကျောက်မဲမြို့မှ ရဲအရာရှိတစ်ဦး၏ ကိုယ်ပိုင်ငွေမှ ဆုငွေချီးမြှင့်မည်ဟု ကြေညာလိုက်ကြောင်း သိရသည်။
“လူမှုကွန်ရက်မှာ လူတွေပြောပြောနေတဲ့ လက်ကြီးသမားဆိုတာ( ကျွန်တော်တို့မသိနိုင်တဲ့ အမြောက်အများ ရောင်းချသူ) တွေ မူးယစ်ဆေးဝါး ရောင်းချနေတာကို သတင်းပေးနိုင်ရင် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ငွေနဲ့ ကျပ် တစ်သိန်းချီးမြှင့်မယ်။ ပြီးတော့ ဇီဝိတ လူမှုကူညီရေးအသင်းက အစ်ကိုကြီးတစ်ယောက်ကလည်း ဆုငွေ ကျပ် တစ်သိန်း ဆုချမယ်ဆိုတော့ သတင်းပေးနိုင်သူက ဆုငွေ ကျပ် နှစ်သိန်းရမယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအုပ်မင်းမင်းက ပြောသည်။
၂၀၁၆ ခုနှစ်အတွင်း ကျောက်မဲမြို့တွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု သိသာစွာတိုးတက်လာသည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သော်လည်း မူးယစ်ဆေးဝါးအနည်းငယ်ရောင်းချသူများကိုသာ ဖမ်းဆီးမိခြင်းဖြစ်ပြီး လက်ကြီးသမား (မူးယစ်ဆေးအများအပြားကို အဓိကရောင်းဝယ်သူ)များကို မဖမ်းဆီးနိုင်ကြောင်း လူမှုကွန်ရက်တွင် ပြောဆိုနေကြသည့်အတွက် ယခုကဲ့သို့ ဆုငွေထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ပြောပြောနေတဲ့လက်ကြီးသမားဆိုတာ ဘာကိုဆိုလိုမှန်းမသိဘူး။ ကျွန်တော့်ဖုန်းနံပါတ်ကို ဖုန်းဆက်ပြီး သတင်းပေးလိုက်ပါ။ စောင့်ဖမ်းမယ်။ သတင်းပေးတဲ့သူကိုလည်း ကာကွယ်ပေးမယ်”ဟု အဆိုပါရဲအရာရှိက ဆိုသည်။
တပ်ဖွဲ့ဝင်အင်အားနှင့် ပြည်သူလူထုအချိုးမမျှသည့် အရေအတွက်ဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကျဆင်းရေးလုပ်ဆောင်ရာတွင် ပြည်သူလူထုပူးပေါင်းကူညီမှုမှာ အရေးကြီးသည်ဟု ၎င်းကဆိုသည်။
“လူတွေကလည်း ကိုယ်တိုင်မပူးပေါင်းကြဘဲနဲ့ ရမ်းသမ်းပြီး အပြစ်ပြောနေ၊ ဆဲနေကြတာများတယ်။ သေချာသိတယ်ဆိုရင် ရဲစခန်းကို ဖုန်းဆက်တိုင်လိုက်ပါလား။ " ကျွန်တော် သိရသလောက်တော့ ခုနောက်ပိုင်းမှာ ကျောက်မဲ ရဲတွေလည်း အရင်ကထက်ကြိုးစားနေကြတာမြင်ရပါတယ် ''ဟု ကျောက်မဲဒေသခံတစ်ဦးဖြစ်သူ ကိုနိုင်မင်းက ပြောသည်။
ကျောက်မဲမြို့ နမ့်ဟူးတောင်းကျေးရွာ၌ စိတ်ကြွမူးယစ်ဆေးဝါး (၃၅) ပြားနှင့်အတူ အသက် ၅၁ နှစ်အရွယ် ကျောင်းအုပ်တစ်ဦးနှင့်အခြားရွာသား တစ်ဦးတို့အား အောက်တိုဘာလ (၂၉)ရက်နေ့တွင် ကျေးရွာလူထု၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ (၂၉) ရက်နေ့အထိ ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု (၆၂) မှုရှိကြောင်း သိရသည်။