(တင်ရန်) ပိတ်ထားသည့် ဝမ်တာပင်းနှင့် မိုင်းယုဂိတ်များ မိုင်းလားစတင်ဖွင့်ချိန်ကို စောင့်နေ

(တင်ရန်) ပိတ်ထားသည့် ဝမ်တာပင်းနှင့် မိုင်းယုဂိတ်များ မိုင်းလားစတင်ဖွင့်ချိန်ကို စောင့်နေ
အောက်တိုဘာ 31, 2016
By Tachileik News Agency

ကိုဇက် -Tachileik News Agency
တာချီလိတ်၊ အောက်တိုဘာလ (၂၆)ရက်
အထူးဒေသ(၄)မိုင်းလားဒေသတွင် ဝင်ရောက်တပ်စွဲထားသည့် “ဝ”တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပြီဖြစ်၍ ပိတ်ထားသည့် ၀မ်တာပင်းနှင့် မိုင်းယုဂိတ်များအား ပြန်လည်ဖွင့်လှစ်ရန် မိုင်းလားမှစတင်ဖွင့်ချိန်ကို စောင့်နေကြောင်း ရှမ်းပြည်နယ်အစိုးရမှ သိရသည်။

"အခုလောလောဆယ် "၀"တပ်ဖွဲ့တွေလည်း ပြန်ဆုတ်သွားပြီလို့ သတင်းကြားတယ်။ ဒါကြောင့် မကြာမီ ပြန်ဖွင့်နိုင်မှာပါ။ အဓိက ဟိုဘက်က ပိတ်လို့ ဒီဘက်(အစိုးရ)ကလည်း လိုက်ပိတ်လိုက်ရတာ။ မိုင်းလားက ဖွင့်ပြီဆိုတာနဲ့ တပြိုင်နက် ကျွန်တော်တို့ဖွင့်ပေးမှာပါ"ဟု ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

"၀"တပ်ဖွဲ့ဝင်များ မိုင်းလားဒေသမှ ပြန်လည်ထွက်ခွာသည်နှင့် တပ်မတော်မှ လုံခြုံရေးယူထားမှုများအား  ဖယ်ရှားကာ ဂိတ်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားဒေသတွင်း ၀င်ရောက်တပ်စွဲထားသည့် UWSA တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ (၂၃)ရက် ညနေပိုင်းတွင် မိုင်းလားနယ်မြေ ပိုင်နက်အတွင်းရှိ မိုင်းယုနှင့် ၀မ်တာပင်းဂိတ်များအား ရုတ်တရက်ပိတ်လိုက်သဖြင့် အဆိုပါလမ်းကြောင်းကို အသုံးပြုနေသည့် ဒေသခံများနှင့် နိုင်ငံခြားသားခရီးသွားများ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မိုင်းလားနယ်မြေအတွင်း ၀င်ရောက်တပ်စွဲထားသည့် UWSA က  စစ်ဖြစ်ပွားရန် ဆန္ဒမရှိကြောင်း အကြောင်းကြားစာကို ငြိမ်းချမ်းရေးဗဟိုကော်မတီသို့ ပေးပို့ပြီး အောက်တိုဘာ(၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် "၀"တပ်ဖွဲ့ဝင်များ မိုင်းလားမှ ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

"မနေ့ မနက်(၁၀)နာရီပတ်ဝန်းကျင်ကတည်းက တပ်တွေ ပြန်ဆုတ်နေပြီဆိုတဲ့ သတင်းရတယ်။ အထူး(၄)ဒေသထဲမှာလည်း တည်ငြိမ်နေပါပြီ။ ဘာပြဿနာမှလည်း မရှိပါဘူး။ အဓိက သေနတ်သံ တစ်ချက်မထွက်ဘဲ ပြဿနာပြေလည်သွားတာ အကောင်းဆုံးပဲ။ တချို့ဒေသခံတွေတော့ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်းဘက်ကို ရှောင်ပြေးလာတာတွေရှိတယ်။ ဒီနေ့မနက်ထိတော့ ဘာသံမှမကြားဘူး"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

အထူးဒေသ(၄)မိုင်းလားနှင့် ဆက်သွယ်ထားသည့် ဂိတ်(၂)ခုအား ပိတ်သိမ်းလိုက်ခြင်းကြောင့် ဒေသတွင်း ကုန်သွယ်မှုပြတ်တောက်သွားခဲ့ပြီး ဒေသခံများမှာလည်း တိုက်ပွဲဖြစ်မည်စိုးရိမ်နေသဖြင့် စားသောက်ကုန်များ ၀ယ်ယူစုဆောင်းခဲ့ကြခြင်းကြောင့်  ဈေးနှုန်းမြင့်တက်ခြင်း၊ ထိုင်းနိုင်ငံမှ မိုင်းလားသို့ တင်ပို့မည့် ကုန်စည်များကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ပြန်လည်ပေးပို့ရမှုခြင်းများ ကြုံခဲ့ရကြောင်း ဒေသခံ ကုန်သည်များထံမှသိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~