ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နှင့် တာချီလိတ်မြို့တွင် ပထမဆုံးဖွင့်လှစ်သည့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၏ (၂၀၁၄-၂၀၁၅)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀)ကျော်ကို ဆုချီးမြှင့်သည့် အခမ်းအနားအား ကျင်းပခဲ့သည်။
ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၏ (၂၀၁၄-၂၀၁၅)ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲ အခမ်းအနားကို တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆုပေးပွဲအခမ်းအနားတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော်၊ မြို့နယ်အထောက်အကူ ပြုကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်း တို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပညာရေးစုံညီပွဲတော်တွင် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ ခေတ်ပေါ် တေးသီချင်း ဖျော်ဖြေမှုများ၊ ရှမ်းတိုင်းရင်းသားရိုးရာ ၀တ်စားဆင်ယင်မှုများ၊ ရွှေမဟာဆရာ၊ ဆရာမများ၏ အငြိမ့်နှင့် တစ်ခန်းရပ် ပြဇာတ်များအပြင် အစီအစဉ်အများအပြားဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြောင်းသိရသည်။
ရွှေမဟာကိုယ်ပိုင် အထက်အတန်းကျောင်းအား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အတွင်း၌ (၂၀၁၃-၂၀၁၄)ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး (၂၀၁၄-၂၀၁၅)ခုနှစ်တွင် ကျောင်းသားဦးရေ စုစုပေါင်း (၄၅၀) ပညာသင်ကြားလျှက်ရှိကာ (၂၀၁၃-၂၀၁၄)တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသူ/သားပေါင်း (၂၀)ဦးနှင့် (၂၀၁၄-၂၀၁၅)ပညာသင်နှစ်အတွင်း ထူးချွန်ထက်မြက်သော ကျောင်းသား/သူ(၅၇)ဦး၊ စုစုပေါင်း(၇၇)ဦးအား ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။