တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ဝိန်းကျောက်ရပ်ကွက်အတွင်း ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
လက်နက်မှုဖြင့် ဖမ်းဆီးခံရပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၇၄/၂၀၂၀၊ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(က)/၁၂(ဂ)ဖြင့် အမှုဖွင့်အရေးယူခံထားရသည့် အားဂျူးအား စစ်ဆေးဖော်ထုတ်ချက်အရ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်သို့ ၂၀၂၀ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့ ညနေပိုင်းက ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရှာဖွေရာက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည့်။
နေအိမ်တွင် မိုင်းဆတ်မြို့နယ် မယ်ကြုတ်ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် အားစော နှင့် အားချာတို့ကို တွေ့ရှိပြီး နေအိမ်အတွင်း ဆက်လက်၍ ရှာဖွေရာက Ecstasy ဆေးပြား (၁၇၀)ပြား၊ ဆေးခြောက် အလေးချိန် စုစုပေါင်း (၅၆)ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၅၀)ပြား နှင့် ငွေရေစက် (၁)လုံး၊ ပလတ်စတစ်အိတ်ပိတ်စက် (၁)လုံးတိုကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်းသိရသည်။
၎င်းတို့အား ဖမ်းဆီးပြီး တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားပြီး ဆက်လက်၍လည်း ကွင်းဆက်များ ဖော်ထုတ်ရမိရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။