MPC နှင့် ANFREL မှ သင်တန်း စီစဉ်သည့်အဖွဲ့၏ ယာဉ်မောင်းတွင် COVID 19 ပိုးတွေ့၍ သင်တန်းတက်သည့် သတင်းထောက်များအပါအဝင် ဆက်စပ်သူများကို Quarantine ထားရှိ

MPC နှင့် ANFREL မှ သင်တန်း စီစဉ်သည့်အဖွဲ့၏ ယာဉ်မောင်းတွင် COVID 19 ပိုးတွေ့၍ သင်တန်းတက်သည့် သတင်းထောက်များအပါအဝင် ဆက်စပ်သူများကို Quarantine ထားရှိ
စက်တင်ဘာ 13, 2020
By Tachileik News Agency
MPC နှင့် ANFREL မှ သင်တန်း စီစဉ်သည့်အဖွဲ့၏ ယာဉ်မောင်းတွင် COVID 19 ပိုးတွေ့၍ သင်တန်းတက်သည့် သတင်းထောက်များအပါအဝင် ဆက်စပ်သူများကို Quarantine ထားရှိ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့တွင်  ရွေးကောက်ပွဲသတင်းရေးသားနည်း သင်တန်းစီစဉ်သည့် အဖွဲ့၏ မော်တော်ယာဉ်မောင်းတစ်ဦးမှာ COVID 19 အတည်ပြုလူနာဖြစ်သွား၍ သင်တန်းစီစဉ်သည့်အဖွဲ့နှင့် သင်တန်းတက်သူများကိုပါ Home Quarantine နှင့် Hotel Quarantine ထားရှိကာ  ဓာတ်ခွဲနမူနာရယူ စစ်ဆေးထားကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့ ယာဉ်မောင်းက သူက သီးသန့်တည်းတာပေါ့နော်။ အခု close contact ဖြစ်တာက ပြင်ဦးလွင်ကနေ ပြည်ကို ကားအတူစီးလာကြတဲ့ (၅)ယောက်ပေါ့နော်။ ကျန်တဲ့ သင်တန်းသားတွေကတော့ ထိတွေ့မရှိပါဘူး။ ဒါပေမဲ့ ဒီအကြောင်း သိရတာနဲ့ အားလုံးကို ဆက်သွယ်ပြီး သီးသန့်နေကြဖို့မှာထားတော့ home quarantine နေသူနေတယ်။ hotel quarantine နေသူနေတယ်။ ကျွန်တော်တို့ကိုတော့ swap ယူထားပြီးပြီ အဖြေစောင့်နေတယ်”ဟု သင်တန်းစီစဉ်သည့် မြန်မာသတင်းမီဒီယာကောင်စီ (MPC) အဖွဲ့ဝင် ဦးဇေယျာလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ပြောသည်။
သင်တန်းစီစဉ်သည့်အဖွဲ့လိုက်ပါစီးနင်းသည့် ကားကို မောင်းနှင်သည့် ယာဉ်မောင်းဖြစ်သူမှာ စက်တင်ဘာလ (၈)ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှ အတည်ပြုလူနာအဖြစ် ဓာတ်ခွဲအဖြေရသဖြင့် ကားအတူစီးနင်းသည့် သင်တန်းစီစဉ်သည့်အဖွဲ့နှင့် သင်တန်းဆရာများကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားခြင်းဖြစ်သည်။
ယင်းအပြင် သင်တန်း (၂)ခုတွင် တက်ရောက်ခဲ့သည့် လားရှိုးမြို့မှ သတင်းထောက် (၇)ဦးအပါအဝင် သတင်းထောက်များကိုလည်း အသွားအလာကန့်သတ်ထားကြောင်း သိရသည်။
“ အဲဒီသင်တန်းနဲ့ဆက်စပ်ပြီး ရန်ကုန်ကလာတဲ့ ယာဉ်မောင်းရဲ့ဇနီးဖြစ်သူဟာ ကိုဗစ်ပိုးတွေ့ရှိတယ်လို့ သတင်း ရတဲ့နောက်ပိုင်း သင်တန်းက ပြန်လာတဲ့ လားရှိုးက သတင်းထောက် (၇) ဦးကို နေအိမ် အသွားအလာ ကန့်သတ် ထားပါတယ်။ လာမယ့် တစ်ရက်၊ နှစ်ရက်အတွင်းမှာ တို့ဖတ်နမူနာယူစေပြီးတော့ ဓါတ်ခွဲအဖြေစောင့်ဆိုင်း ရယူ သွားမှာပါ ” ဟု လားရှိုးမြို့နယ် Covid-19 ကူးစက်ရောဂါ တားဆီးရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကော်မတီဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာလင်း က တာချီလိတ်သတင်းအေဂျင်စီ သို့ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ပြောသည်။
မြန်မာသတင်းမီဒီယာကောင်စီ (MPC)နှင့် ANFREL အဖွဲ့တို့ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ ပြင်ဦးလွင်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့ပြီးနောက် ပြည်မြို့တွင် စက်တင်ဘာလ (၇)ရက်နေ့၌ သင်တန်းဆက်လက်ဖွင့်နေစဉ် ယာဉ်မောင်း၏ဇနီးဖြစ်သူ အတည်ပြုလူနာဖြစ်သွား၍ သင်တန်းရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~