မကွေးတိုင်းအတွင်းမှ ယာဉ်လိုင်းများကို ကန့်သတ်မည် မဟုတ်သော်လည်း မြို့အဝင်အထွက်များတွင် စစ်ဆေးမှုများ အထူးကြပ်မတ် ဆောင်ရွက်နေ
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရီးသည်တင်ယာဉ်လိုင်းများ ယာယီကန့်သတ်ထားပြီးဖြစ်၍ မကွေးတိုင်း အတွင်းမှ မော်တော်ယာဉ်လိုင်းများကို ကန့်သတ်တော့မည် မဟုတ်သော်လည်း မြို့အဝင်ဂိတ်များမှ ဝင်လာသူအားလုံးကို စစ်ဆေးခြင်းအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့မှစ၍ ဆောင်ရွက်နေကြောင်း သိရသည်။
“မကွေးတိုင်းအတွင်းက ခရိုင်၊ မြို့နယ်အားလုံး အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တွေထားရှိပြီး အိမ်စီး ကားတွေအပါအဝင် ယာဉ်အားလုံးကို စစ်ဆေးဖို့ ဒီနေ့ စက်တင်ဘာ(၁၁)ရက်နေ့ကစ ဆောင်ရွက် သွားကြမှာပါ။ ယာဉ်လိုင်းတွေမပိတ်ဘူးဆိုတာက ခရီး သွားလာမှုက သူ့အလိုလိုကို လျော့ကျလာနေ တာက တစ်ကြောင်း၊ ခရီးသည်တင်ယာဉ်ဆိုပေမယ့် ဝမ်းဗိုက်မှာ ကုန်တင်ရတာရှိနေတော့ ကုန်စည် စီးဆင်းမှု မပြတ်တောက်အောင်လို့ကတစ်ကြောင်းကြောင့် လတ်တလော မပိတ်သေးဘဲထားတာပါ။ အခုတော့ ရန်ကုန်ရော မန္တလေးပါ ခရီးသည်တင်ယာဉ်တွေ အဝင်မခံတော့ဘဲ ပိတ်ကုန်ပြီဖြစ်လို့ ဒီမှာလည်း ဝင်လာစရာ မရှိသလောက်ဖြစ်သွားမှာပါ”ဟု ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဟန် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းသို့ Stay at Home သတ်မှတ်ထားသောဒေသများမှ လာရောက်သူတိုင်း Community Based Facility Quarantineတွင် (၁၄) ရက်နေထိုင်ရမည်ဖြစ်ပြီး ဓါတ်ခွဲ နမူနာ(၂) ကြိမ်စစ်ဆေးမည်ဖြစ်ကာ home quarantine (၇)ရက်နေရမည်ဖြစ်သည်။
အစိုးရရုံးလုပ်ငန်းများနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နှင့်ဆက်သွယ်ဆောင် ရွက်ရန် လုပ်ငန်းရှိနေသူ များ၊ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ရန် မြို့နယ်ပြင်ပ သို့ ခွင့်ပြုချက်ရရှိသည့် အဖွဲ့အစည်း၊ ကုမ္ပဏီဝန်ထမ်းများ၊ ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းများ ဆောင်ရွက်ရန် လာရောက်လိုပါက Community Based Facility Quarantine တွင် (၇)ရက်နေ ထိုင်၍ နှာခေါင်း/အာခေါင်တို့ပတ်နမူနာ (၂)ကြိမ် ရယူစစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း အခြေချနေထိုင်သူများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ သွားလာမည်ဆိုပါက မည်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ မည်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ခဲ့သည်ဆိုသည့် အထောက်အထား တင်ပြနိုင်ရမည်ဖြစ်ပြီး Stay at Home သတ်မှတ်ထားသော မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ခဲ့ပါက သက်ဆိုင်ရာ ဒေသတာဝန်ရှိသူက သတ်မှတ်သော Community Based Facility Quarantine တွင် (၁၄) ရက်နေထိုင်ရမည်ဖြစ်ပြီး ဓါတ်ခွဲ နမူနာ(၂) ကြိမ်စစ်ဆေးမည်ဖြစ်ကြောင်း ၊ ရောဂါပိုးမတွေ့ပါက Home Quarantine (သို့မဟုတ်) Community Based Facility Quarantine တွင်(၇)ရက် ထပ်မံနေထိုင်ရ မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်