ပခုက္ကူမြို့နယ်အတွင်းရှိ ရှေးဟောင်းသီဟိုဠ်ရှင်ဘုရားအနီး မြေအောက်ခန်းမှာ ရှေးဟောင်းလက်ရာ မဖြစ်နိုင်ကြောင်း ကနဦးတွေ့

ပခုက္ကူမြို့နယ်အတွင်းရှိ ရှေးဟောင်းသီဟိုဠ်ရှင်ဘုရားအနီး မြေအောက်ခန်းမှာ ရှေးဟောင်းလက်ရာ မဖြစ်နိုင်ကြောင်း ကနဦးတွေ့
သြဂုတ် 5, 2020
By Tachileik News Agency
ပခုက္ကူမြို့နယ်အတွင်းရှိ ရှေးဟောင်းသီဟိုဠ်ရှင်ဘုရားအနီး  မြေအောက်ခန်းမှာ ရှေးဟောင်းလက်ရာ မဖြစ်နိုင်ကြောင်း ကနဦးတွေ့

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ ရှေးဟောင်းသီဟိုဠ်ရှင်ဘုရားအနီးတွင် တွေ့ရသည့် မြေအောက်ခန်းမှာ ရှေးဟောင်းလက်ရာ မဖြစ်နိုင်ကြောင်း ကနဦးတွေ့ထားပြီး ရှေးဟောင်းသုနေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“ရှေးအုတ်ကို ထုံး၊ ဘိလပ်မြေတွေသုံး စီထားတာရယ်၊ ပလတ်စတစ် ဘရက်ကက်တစ်ခုနဲ့  အရစ်ပါ မီးခေါင်း တစ်ခုကို တွေ့ရှိရတယ်ဆိုတာကြောင့်  ရှေးဟောင်းအဆောက်အဦလက်ရာမဟုတ်နိုင်ဘူးလို့ ကျွန်တော့် အနေနဲ့ ကနဦး သုံးသပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်သွားပြီး စစ်ဆေးအတည်ပြုမှုတွေကိုလည်း ဆက်လုပ် ပါမယ် ” ဟု ရှေး ဟောင်းသုသေနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ)တာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်သိန်း က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၅)ရက်နေ့၌ ပြောသည်။

ရှေးဟောင်းသီဟိုဠ်ရှင်စေတီတော်ရှိရာ ဘုရားကြီးလမ်း နိုင်လွန်က၌  ၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၄)ရက် နံနက်ပိုင်းက ကတ္တရာခင်းရန် လမ်းဘေးရေမြောင်းတူးဖေါ်စဉ် စေတီတော်နှင့် (၂၇) ပေအကွာ ရေမြောင်းတူးရာနေရာတွင် မြေအောက်လှိုဏ်ခေါင်းတွေ့ရသဖြင့် အတွင်းပိုင်းကို စစ်ဆေးထားခြင်းဖြစ်ကြောင်း သိရသည်။

“လှိုင်ခေါင်းတော့လည်း မဟုတ်ပါဘူး။ မြေကျင်းကြီးတူးထားတာ အခန်း(၄)ခန်း ပါတယ်။ အထဲမှာ ထူးထူး ခြားခြား ဘာမှ မရှိဘူး ပြောင်ရှင်းလို့။ ရှေးတုန်းက မီးခံတိုက်လုပ်ထားတဲ့ သဘောမျိုး။ ဒီမှာ ဘုရားလူကြီး နဲ့ ပန်းရံဆရာကြီးတွေ အသက် ၉၀ ကျော်တွေ ရှိပါသေးတယ်။ သူတို့တောင် ဒါရှိတာ မသိကြဘူး။ ရန်သူမျိုး ငါးပါး ကာကွယ်ဖို့လုပ်ထားတဲ့ အခန်းတွေလို့ထင်တာပဲ” ဟု သီဟိုဠ်ရှင် ဘုရား ဂေါပကအတွင်းရေးမှူး ဦးလှဝင်းနိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေအောက်ခန်းသည် မြေပြင်မှ (၄)ပေခန့်အနက်တွင် ရှေးအုတ်များကိုသုံး၍ ယနေ့ခေတ်သုံး ထုံး၊ ဘိလပ်မြေတို့ဖြင့် သရွတ်စီထားသော အလျား (၁၇)ပေ ၊ အနံ (၉)ပေ ၊ အမြင့်(၆)ပေခန့်ရှိ မြေအောက်အခန်းကြီးတစ်ခုကို တွေ့ရပြီး အကျယ် (၇ပေx ၃ပေခွဲ)ရှိ အခန်းငယ်(၄)ခန်း ၊ (၃ပေx၂ပေ) အခန်းကူးပေါက်များကိုလည်း တွေ့ရှိရခြင်းဖြစ်ပြီး အခန်းတွင်း၌ မည်သည့်ပစ္စည်းမှ မတွေ့ရကြောင်း သိရသည်။

 အဆိုပါ မြေအောက်ခန်းများရှိသည်ကို သီဟိုဠ်ရှင်ဘုရား ဂေါပကအဖွဲ့မှ အသက်(၉၀)ကျော်အရွယ် ဘုရားလူကြီးများနှင့် ပန်းရန်ဆရာကြီးများကလည်း သိရှိခြင်းမရှိသဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနမှ ထပ်မံစစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် မြေအောက်ခန်းအဝင်ပေါက်ကို ယာယီပိတ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရှေးဟောင်းသုတေသနဦးစီးဌာန


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~