သတင်းမှားများဖြင့် တိုက်ခိုက်မှုများခံနေရပြီး NLD ပါတီက တရားမဲ့ပြုကျင့်မှုများရှိနေသည်ဟု မကွေး USDP က သတင်းစာရှင်းလင်းပွဲဖြင့်ပြောကြား

သတင်းမှားများဖြင့် တိုက်ခိုက်မှုများခံနေရပြီး NLD ပါတီက တရားမဲ့ပြုကျင့်မှုများရှိနေသည်ဟု မကွေး USDP က သတင်းစာရှင်းလင်းပွဲဖြင့်ပြောကြား
သြဂုတ် 12, 2020
By Tachileik News Agency
သတင်းမှားများဖြင့် တိုက်ခိုက်မှုများ ခံနေရပြီး NLD ပါတီက တရားမဲ့ပြုကျင့်မှုများရှိနေသည်ဟု မကွေး USDP က သတင်းစာရှင်းလင်းပွဲဖြင့် ပြောကြား

ရွေးကောက်ပွဲကြိုကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် သတင်းမှားများဖြင့် တိုက်ခိုက်ခံနေရပြီး လက်ရှိ အာဏာရပါတီ၏ တရားမဲ့ပြုကျင့်မှုများနှင့် ရင်ဆိုင်နေရသည်ဟု မကွေးတိုင်း USDP က ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့တွင် မကွေးမြို့၌ သတင်းစာရှင်းလင်းသည်။

“ကျွန်တော်တို့ပါတီကို သတင်းမှားတွေနဲ့ တိုက်ခိုက်ခံနေရတယ်။ ဒါကို ပြင်းပြင်းထန်ထန်ကန့်ကွက်ချင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ သတင်းမှားတိုက်ဖျက်ရေးအဖွဲ့ရှိပေမဲ့ သတင်းမှားတိုက်ဖျက်ရေးအဖွဲ့ကို တိုက်ခိုက်မှ သတင်းမှားလို့ သတ်မှတ်တယ်။ အခြားလူပုဂ္ဂိုလ်နဲ့ အခြားအဖွဲ့အစည်းတွေကို သတင်းမှားနဲ့ တိုက်ခိုက်တာမျိုးကိုကျတော့ တားဆီးကာကွယ်ပေးဖို့ အစီအစဉ်မရှိဘူးဖြစ်နေတယ်။ အစိုးရနဲ့ လက်ရှိ အနိုင်ရအဖွဲ့အစည်းကိုသာ အကာအကွယ်ပေးနေတာဖြစ်လို့ အားမကိုးရဘူးဖြစ်နေပါတယ်”ဟု မကွေးတိုင်ဒေသကြီး၏ ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင် က ပြောသည်။

ယင်းအပြင် မကွေးတိုင်းတွင် ရွေးကောက်ပွဲမတိုင်မီ NLD အတွက် မဲဆွယ်သည့်သဘောသက်ရောက်သည့် လုပ်ဆောင်မှုများရှိ၍ ကန့်ကွက်ထားသည်ဟု သိရသည်။

“ရွေးကောက်ပွဲမတိုင်မီ ကြုံတွေ့ရတဲ့ တရားမဲ့ပြုကျင့်ခံရမှုအနေနဲ့ ဥပမာ တလောလေးက ပွင့်ဖြူမှာ မဲဆွယ်စည်းရုံးရေးကာလကျမှ သုံးရမယ့် မဲပေးတဲ့တံဆိပ် အမှတ်အသား ပုံတွေ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ပုံတွေနဲ့  တို့တစ်ရွာလုံးက အမေစုရဲ့  NLD ကိုပဲ မဲပေးမယ် ဆိုတာမျိုး ဆိုင်းဘုတ်တွေ ထောင် လာပါတယ်။ မနေ့က မင်းဘူး ဆင်ခေါင်းရွာမှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပုံနဲ့ အားလုံး စုပေါင်းစုံညီ NLD ကို မဲပေးမည် ဆိုပြီး တံဆိပ် အမှတ်အသားတွေနဲ့ တွေ့ရပါတယ်။ ဒါတွေကို ကော်မ ရှင်အဆင့်ဆင့်ကို တင်ပြတိုင်တန်းလို့ ပြန်ဖြုတ်သွားတယ်လို့တော့ သိရပါတယ်” ဟု  မကွေး USDP ၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦးအောင်နိုင်လင်းက ပြောသည်။

ရွေးကောက်ပွဲနေ့မတိုင်မီ ရက်ပေါင်း(၆၀)ကို မဲဆွယ်ကာလအဖြစ်သတ်မှတ်ထားခြင်းဖြစ်ရာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ(၇)ရက်နေ့မှစ၍ နိုဝင်ဘာလ(၆)ရက်အထိ မဲဆွယ်ကာလအဖြစ် အသုံးပြုခွင့်ရမည်ဖြစ်ရာ ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ အဆိုပါကိစ္စကို တင်ပြတိုင်တန်းထားကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ် ရွေး/ကော် ကိုတော့ရောက်တယ်လို့သိရတယ်။ ကျွန်တော်တို့ဆီကို အကြမ်းဖျင်းပြောတာ သိရသလောက်တော့ အောက်မှာ ရှင်းထားတယ်လို့ ပြောတယ်။ ဒီလိုကိစ္စမျိုး တိုင်ကြားလာတာတွေနဲ့ ပတ်သက်ရင် ကျူးလွန်တဲ့အပေါ်မူတည်ပြီး တရားမဲ့ပြုကျင့်ခြင်းနဲ့ အကျုံးကုံးဝင်တယ်ဆိုရင်တော့  ဥပမာ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ အခန်း(၁၃)/(၁၄)အရ ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးကို မတရားသ ဖြင့်ရရှိစေရန်သော်လည်းကောင်း၊ ယင်းအခွင့်အရေးကိုရရှိခဲ့ခြင်းအတွက် ကျေးဇူးတုန့်ပြန်သည့်အနေ ဖြင့်သော်လည်းကောင်း ငွေကြေး၊ ပစ္စည်းဥစ္စာ၊ အစားအသောက်၊ ရာထူး အလုပ်အကိုင် နေရာ အပြောင်းအရွှေ့ (သို့) အခြားအခွင့်အရေးကို အသုံးပြုခြင်း၊ လာဘ်ပေးခြင်းတို့  စသဖြင့်ပေါ့ ဒါတွေကို ပါတီဝင်ကိုယ်တိုင်၊ ကိုယ်စားလှယ်လောင်းကိုယ်တိုင်က အသုံးချတယ်ဆိုရင် ဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ကတော့ ပြစ်ဒဏ်ချလို့မရဘူးပေါ့နော်။ ပြဿနာကိုစိစစ်ရုံပဲ ရှိတယ်။ စိစစ်ပြီးတော့ သက်ဆိုင်ရာ ဥပဒေတွေအတိုင်းသွားရမှာပေါ့”ဟု မကွေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလားတူကိစ္စရပ်ကို ပခုက္ကူတွင်လည်း ကြုံရသဖြင့် USDP က ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်တင်ပြထားသည်ဟု သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~