ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်ကြားကာလက တည်ထားခဲ့သည့် ရှေးဟောင်းစေတီပုထိုးများရှိ ခြုံနွယ်များကို မကွေးတိုင်းရဲတပ်ဖွဲ့က အပတ်စဉ် စနေနေ့တိုင်း ရှင်းလင်းသွားမည်
မကွေးတိုင်းဒေသကြီးတွင် အေဒီ ၁၇/၁၈ ရာစုဝန်းကျင်က ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်ကြားကာလက တည်ထားခဲ့သည့် ရှေးဟောင်းစေတီပုထိုးများတွင် ခြုံနွယ်ပိတ်ပေါင်း ထူထပ်နေသည့်အတွက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် စုပေါင်းရှင်းလင်းရေးအဖြစ် ဩဂုတ်လ (၂၂) ရက်နေ့ ကစ၍ အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီ ရှေးဟောင်းဘုရားတွေမှာ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ထူထပ်နေလို့ ရှင်းလင်းပေးနိုင်ရင် ကောင်းမယ်လို့ အကြံပြုလာကြတဲ့ အတွက် ပြည်သူလူထုရဲ့ အကြံပြုချက်ကို အလေးထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို အကြိုဂုဏ်ပြုတဲ့အနေနဲ့ အခုလို သန့်ရှင်းရေး ဆောင်ရွက်ကြတာပါ။ ဒီနယ်မြေပတ်ဝန်းကျင်မှာ ဒီရာစုနှစ်က တည်ခဲ့တဲ့ ဘုရားစေတီ (၁၆၈)ဆူရှိတယ်လို့ သိရပြီး မင်းဘူး - စကုလမ်း ပတ်ဝန်းကျင်မှာတော့ (၄၄)ဆူရှိပါတယ်။ ဒီ ရှေးဟောင်း ဘုရားစေတီတွေအားလုံးကို အပတ်စဉ် သန့်ရှင်းရေးဆောင်ရွက်သွားမှာပါ”ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှေးဟောင်းစေတီပုထိုးများအတွင်း ခြုံနွယ်ပိတ်ပေါင်းထူထပ်နေမှုများကို ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့က စ၍ ရှေးဟောင်းစေတီပုထိုးများအား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်နှင့် ဇနီး ဒေါ်နုနုထွေးတို့ ဦးဆောင်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် မင်းဘူးခရိုင်ရဲတပ်ဖွဲ့တို့မှ အရာရှိ အင်အား(၅၂)ဦး၊ တပ်ဖွဲ့ဝင် (၂၅၂) ဦး၊ မိသားစုဝင် (၄၇) ဦးတို့က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ခရိုင်ကော်မတီအဖွဲ့ဝင် ဦးဇော်မျိုးဦး၏ ကြီးကြပ်မှုဖြင့် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးကော်မတီမှ ထိန်းသိမ်းထားရှိသော ရှေးဟောင်းစေတီပုထိုးတော် (၁၆၈)ဆူ အတွင်းအပြင် ခြုံနွယ်များကို မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး ဘိုးဘွားရိပ်သာသို့ လှူဒါန်းမှု၊ သွေးလှူဒါန်းမှုနှင့် အခြား မြို့ပေါ်တွင်လိုအပ်ချက်ရှိသည့် ကိစ္စရပ်များကိုလည်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်