မကွေးတိုင်းအတွင်း ဆိုင်ကယ်များ နေ့ရော ညပါ ရှေ့မီးအနိမ့် ဖွင့်မောင်းရန် အသိပညာပေးပြီးမှ အရေးယူမည်

မကွေးတိုင်းအတွင်း ဆိုင်ကယ်များ နေ့ရော ညပါ ရှေ့မီးအနိမ့် ဖွင့်မောင်းရန် အသိပညာပေးပြီးမှ အရေးယူမည်
ဇွန် 17, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း ဆိုင်ကယ်များ နေ့ရော ညပါ ရှေ့မီးအနိမ့် ဖွင့်မောင်းရန် အသိပညာပေးပြီးမှ အရေးယူမည်

ဆိုင်ကယ်များ နေ့ည ရှေ့မီးဖွင့်မောင်းနှင်ရမည့် ဥပဒေသစ်အရ သတ်မှတ်ချက်ကို ဖေါက်ဖျက်သူများအား အရေးယူခြင်းကို အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ချက်ချင်း ဆောင်ရွက်နေပြီဖြစ်သော်လည်း မကွေးတိုင်းဒေသကြီးတွင် ပညာပေးဆောင်ရွက်ပြီးမှ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ဥပဒေအရာရှိ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဝင်များနဲ့ ပူးပေါင်းပြီး ပြည်သူများကို အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သတင်းမီဒီယာများမှ ပညာပေးခြင်းစတဲ့လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် စီမံဆောင်ရွက်ထားရှိပါတယ်

ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးမင်းဦးက တိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့က ဖြေကြားသည်။

COVID 19 ကြောင့် လူစုလူဝေးမဖြစ်စေရန် ထိန်းချုပ်ထားသည့် ကာလကျော်လွန်ပါက ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့တွင် ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီး လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် မြိုင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က မော်တော်ယာဉ်ဥပဒေအသစ်နှင့်ပတ်သက်သော ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့ခြင်းနှင့်ပတ်သက်၍ ယင်းကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

မော်တော်ယာဉ်ဥပဒေသစ်တွင် ပါဝင်သည့် နေ့ည ရှေ့မီးဖွင့်မောင်းနှင်ရမည့် သတ်မှတ်ချက်ကို  ဖောက်ဖျက်ပါက (၃)သောင်းကျပ်ထက်မပိုသော ဒဏ်ငွေချမှတ်ရန် ပြဌာန်းထားခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံတွေရဲ့ ရာသီဥတုအခြေအနေတွေအရ ဒီဥပဒေက လိုအပ်ချက်တစ်ရပ်ဖြစ်လို့ ဆိုင်ကယ်ကို စက်နှိုးလိုက်ရင်ပဲ ရှေ့မီးကို အလိုအလျောက်ပွင့်တဲ့စနစ်နဲ့ လုပ်ပေးထားတယ်လို့ သိရတယ်ဗျ။ မြန်မာ နိုင်ငံအနေနဲ့ကတော့ မိုးသည်းသည်းမည်းမည်း ရွာနေချိန်ကလွဲရင် နေ့ဘက်ကြီးမီးဖွင့်မောင်းဖို့က မလိုအပ်ဘူး ထင်ပါတယ်

ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးဌေးလွင်သောင်း က ပြောသည်။

မော်တော်ဆိုင်ကယ်စီးနင်းသူသည် အကာအကွယ်မရှိဘဲ စီးနင်းနေရသောကြောင့် အန္တရာယ်ပိုများသဖြင့် ရှေ့မီးဖွင့်၍ မောင်းခြင်းဖြင့် ကားများ၊ ဆိုင်ကယ်များအချင်းချင်း သိမြင်လွယ်စေမည့်အပြင် လမ်းလျှောက်သူများအနေဖြင့်လည်း ဆိုင်ကယ်များ နီးကပ်လာသည်ကို သတိထားမိလွယ်စေရန်၊ ရုတ်တရက် လမ်းပေါ်ထွက်လာသည့် လမ်းချိုးလမ်းကွေ့များတွင် မြင်သာစေရန်အတွက် ဆိုင်ကယ်များကို ရှေ့မီးဖွင့်၍မောင်းနှင်ရန် မြန်မာ့အိမ်နီးချင်းနိုင်ငံများတွင်လည်း ဥပဒေ ပြဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်နေ့၌ ထုတ်ပြန်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇၆ (ခ)တွင် မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်းတွင်ဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်းမရှိစေရ ဟု ဖော်ပြထားခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၁၄၆၇) ကြိမ်တွင် ဒဏ် ရာ ရရှိသူ(၂၆၀၀)ကျော်နှင့် သေဆုံးသူ(၄၀၀)ကျော်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ် မေလကုန်အထိ ယာဉ်မတော် တဆမှု (၄၆၀)ကြိမ်တွင် ဒဏ်ရာရရှိသူ(၈၀၀)ကျော်နှင့် သေဆုံးသူ(၁၃၀)ရှိကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~