ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် မြို့တွင်း အဝင်အထွက် ကန့်သတ်ခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ နေ့လယ် (၁၂)နာရီမှ စ၍ ဆောင်ရွက်နေကြောင်း သိရသည်။
LockDown အဆင့်တော့ မဟုတ်ပါဘူး။ မြို့ကို အဝင်အထွက်ကို ပိတ်လိုက်တဲ့ သဘောပါ။ ကုန်စည်စီးဆင်းမှု အတွက်ကိုတော့ COVID ကော်မတီ ထောက်ခံချက်လိုတယ်။ နေ့ချင်းပြန်ပေါ့နော်။ ညအိပ်တော့မရဘူး အဲဒီအတွက်ကို မြို့နယ် COVID ကော်မတီ၊ စီခန့်ကော်မတီ အစည်းအဝေးထိုင်လိုက်ပြီး ညှိနှိုင်းသဘောတူညီချက်နဲ့ လုပ်လိုက်တာပေါ့နော်။ အခုက သင်္ကြန်ကာလဆိုတော့ အနယ်နယ် အရပ်ရပ်ရောက်နေတဲ့ အမျိုးတွေ လာလည်တာ၊ ပြန်လာတာတွေ ရှိမယ်ဆိုတော့ ဒါကို တားတဲ့ သဘောပါ။ LockDown ကတော့ အိမ်ထဲကလူတွေ အပြင်မထွက်ရတဲ့အထိ ပိတ်တာပေါ့နော်။ တစ်ချို့ဆို ဒီဒေသမှာ ငှက်ပစ်တာတို့ ဘာတို့ ထွက်တာတွေရှိတယ်။ ဒီလိုထွက်တာတွေကို ပေးမထွက်တော့ဘူး
ဟု မိုင်းခတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းခတ်မြို့တွင် COVID 19 ကာကွယ်ရေးအသိပညာပေး လုပ်ဆောင်ပေးထားပြီးနောက် အပြင်ထွက် သွားလာမှု လျော့ကျသွားပြီး လိုက်နာဆောင်ရွက်မှု အားကောင်းကြောင်း သိရသည်။
ကျွန်တော်တို့ ဒီမှာက လူထုက Awareness ပေးထားတဲ့အတိုင်း သူတို့ကိုယ်သူတို့ ကာကွယ်တာတွေ လုပ်ကြတယ်။ ကျွန်တော်တို့ အသိပညာပေးလုပ်ပြီးနောက်ပိုင်း သူတို့ကိုယ်သူတို့ ရောဂါကာကွယ်ရေးကို လုပ်လာကြတယ်။ ဒီဘက်မှာက မြို့ကလည်း လူဦးရေသိပ်မများတော့ ပြောရဆိုရ အဆင်ပြေတယ်ခင်ဗျ
ဟု မိုင်းခတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူက ပြောသည်။
လက်ရှိတွင် မိုင်းခတ်မြို့တွင်း လမ်း၊ ဈေးစသည့် အများပြည်သူနေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်းကိုလည်း အပတ်စဉ်လုပ်ဆောင်ပေးနေပြီး အိမ်ထောင်စုတိုင်းမှ အပြင်ထွက်သွားလာမည့် အိမ်ထောင်စုကိုယ်စားလှယ် တစ်ဦးစီ ရွေးချယ်ကာ အပြင်ထွက်သွားလာရန် လိုအပ်ပါက အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာအပြင်ထွက်သည့်စနစ်ကို ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - KMT