မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် Gas ပစ္စတိုသေနတ် တစ်လက်၊ ကျည် (၁၂)တောင့် တို့နှင့်အတူ ဖမ်းမိ၍ ပြစ်ဒဏ်ကျခံနေသည့် လာအိုနိုင်ငံသားတစ်ဦး မြန်မာနှစ်သစ်ကူးကာလ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့၌ လာအိုနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လာအိုနိုင်ငံသားအား ၂၀၂၀ခုနှစ် ဧပြီလ(၃၀)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ တဆင့် လာအိုနိုင်ငံဘက် တာဝန်ရှိသူများထံသို့ လွှဲပြောင်းကာ ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။
လာအိုနိုင်ငံသား ထိုင်းဝမ်းဆိုသူကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့က ဝိန်းကျောက်ရပ်ကွက်၌ WALTER CP 99 အမျိုးအစား Gas သေနတ်(၁)လက်နှင့် ၎င်းကျည် (၁၄၀)လုံး၊ ၎င်းသေနတ်တွင် အသုံးပြုသည့် Gas အိုးသေး(၂)လုံး၊ ပွိုင့် (၂၂)ကျည် (၁၂)တောင့်တို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၇၉/၂၀၁၉၊ ၁၉၄၂ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့် အပုဒ် ၁၂(ဂ)ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)အရ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့မတိုင်မီ ပြစ်ဒဏ်ကျခံနေရသူများ သေဒဏ်ကျခံနေရသူကို ထောင်ဒဏ်တစ်သက်(လွတ်ရက်မရှိ) သို့လည်းကောင်း၊ ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ခံစားခွင့်မရသေးသည့် နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကျခံနေရသူကို ထောင်ဒဏ် နှစ် (၄၀)သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် (၄၀)အထက် ကျခံနေရသူကို ထောင်ဒဏ် နှစ် (၄၀)သို့လည်းကောင်း၊ ထောင်ဒဏ် နှစ် (၄၀)နှင့်အောက် ကျခံနေရသူများကို ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံသို့လည်းကောင်း လျှော့ပေါ့ကျခံခွင့်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါလွတ်ငြိမ်းသက်သာခွင့်ဖြင့် ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများမှ လွတ်မြောက်လာသူ (၃၃၅)ဦးတွင် ထိုင်းနိုင်ငံသား (၂၆) ဦး၊ တရုတ်နိုင်ငံသား (၄)ဦးနှင့် လာအိုနိုင်ငံသား (၁)ဦးတို့ပါဝင်ခဲ့ခြင်းဖြစ်သည်။
ပြန်လည်လွတ်မြောက်လာသည့် လာအိုနိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများက ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် လာအိုနိုင်ငံဘက်သို့ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ရဲမြင့်ဦး