မြန်မာတစ်နိုင်ငံလုံးမှ ကက်သလစ်ဘာသာတူများ သောင်းနဲ့ချီ တက်ရောက်လေ့ရှိပြီး နှစ်စဉ်ကျင်းပသည့် ညောင်လေးပင်မြို့မှ ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲတော်အား ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ အခြေအနေကြောင့် မကျင်းပဖြစ်တော့ကြောင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က မတ်လ(၃)ရက်နေ့ ရက်စွဲဖြင့် အသိပေးထားရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ညောင်လေးပင်မြို့တွင် (၁၈၈)ကြိမ်မြောက် လုဒ်မယ်တော်သခင်မပွဲတော်ကြီးအား ၂၀၂၀ခုနှစ် မတ်လ (၂၇)ရက်နေ့မှ မတ်လ (၂၉)ရက်နေ့အထိ ကျင်းပရန်အတွက် ဖေဖော်ဝါရီလ(၂၅)ရက်နေ့က သတ်မှတ်ခဲ့ရမှ လတ်တလော နိုင်ငံပေါင်း(၇၀)ကျော်တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ရောဂါအခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အသိပေးထားရှိသည့်အတွက် အဆိုပါပွဲတော်ကို မကျင်းပဖြစ်တော့ကြောင်း သိရသည်။
အဆိုပါပွဲတော်သို့ ဘာသာတူသူများအပြင် အခြားဘာသာများကလည်း လာရောက်ကြရာ အနယ်နယ်အရပ်ရပ်မှ လူဦးရေသောင်းနှင့်ချီလာရောက်လေ့ရှိကြောင်း သိရသည်။
ညောင်လေးပင်တွင် မကျင်းပဖြစ်တော့ သော်လည်း မိမိတို့ အစီအစဉ်ဖြင့်သာ သာသနာအလိုက်၊ မိသားစုအလိုက် အမိမယ်တော်သခင်မအား ဝတ်ပြုသဒ္ဓါကြည်ညိုခြင်း ပြုလုပ်ကြရန် မြန်မာနိုင်ငံ ဆရာတော်ကြီများအဖွဲ့ချုပ်က အသိပေးထားရှိကြောင်း သိရသည်။