မြန်မာ - ထိုင်း နယ်စပ်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့များ လျော့ချရေးကိစ္စအပါအဝင် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပိတ်မည်ဆိုသည့် ကောလဟာလများထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး တာချီလိတ်ခရိုင်နှင့် ချင်းရိုင်းခရိုင်အဆင့် တာဝန်ရှိသူများ ၂၀၂၀ ခုနှစ် မတ်လ (၁၉) ရက်နေ့ နံနက်ပိုင်းက အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။
နဂိုကတည်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတဲ့ဟာတွေက ပြည်ထောင်စုအစိုးရအဆင့်မှာ ပြောထားတာတွေရှိတယ်။ မီးခိုးနဲ့ ပတ်သက်ပြီးတော့။ နှစ်နိုင်ငံ ဒေသအာဏာပိုင်အချင်းချင်းတွေ့ဆုံပြီးတော့ တောမီးမရှိုရေး၊ တောမီးမလောင်ရေးပေါ့။ ဒေသအာဏာပိုင်အချင်းချင်း အောက်ခြေမှာတွေ့တဲ့ အလွတ်သဘော တွေ့ဆုံမှုပေါ့။ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မီးခိုးငွေ့လျော့ချဖို့အတွက်။ နှစ်နိုင်ငံပြည်သူတွေကို အသိပညာပေးမှုတွေ တိုးတက်ဆောင်ရွက်နိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်တာပေါ့
ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မယ်ဆိုင်မြို့ရှိ Maekhong Delta Travel Hotel အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံအလွှတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံဘက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အမှတ်(၃)စစ်တိုင်းမှ ဗိုလ်ချုပ်အမ်နတ်ဆီမာ့နှင့် စစ်ဖက်အရာရှိများ၊ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နိုင်းပရကျွန်ပလတ်စကွန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းဆုံမ်ဆတ်ခနားခမ်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံနယ်စပ်မီးခိုးမြူငွေ့များလျော့ချနိုင်ရေးအတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်၊ တာချီလိတ်မြို့တွင်းနှင့် မယ်ဆိုင်မြို့တွင်းများတွင် မီးသတ်ယာဉ်များဖြင့် တပြိုင်နက်တည်းရေပက်ဖြန်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း