ဘိုးဘွားများ လက်ထက်ကတည်းက ဖြစ်တည်လာခဲ့တဲ့ ရပ်ရွာဒေသရဲ့အစဉ်အလာကို လက်ဆင့်ကမ်းထိန်း သိမ်းတတ်ကြတာဟာ မြန်မာတို့ရဲ့ ချစ်စရာဓလေ့တစ်ခုပါပဲ။ အဲလို အစဉ်အလာဓလေ့ကို ထိန်းသိမ်းတဲ့ ကျေးရွာတွေထဲမှာ မကွေးတိုင်း မင်းဘူး/စကုမြို့နယ်ထဲက မင်းလှကျင်းဆိုတဲ့ ရွာလေးဟာလည်း တစ်ခုအပါ အဝင်လို့ ပြောရမှာပါ။
မကွေးတိုင်းရဲ့ ဘာသာရေးဆိုင်ရာ အထင်ကရပြယုဂ်တစ်ခုဖြစ်တဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ နှစ် စဉ် တပို့တွဲလဆန်း (၅)ရက်ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ ရက်ရှည်ကျင်းပလေ့ရှိတဲ့ ဘုရားပွဲတော်တစ်ခု ပါ။
ရွှေစက်တော်လို့ ဆိုလိုက်တာနဲ့ နမ္မဒါနဂါးမင်းစံပျော်ရာလို့ သမိုင်းရာဇဝင်ရှိခဲ့တဲ့ တလက်လက်တောက် ပစွာနဲ့ ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းကိုလည်း တွဲမြင်မိကြမှာပါပဲ။
ဘုရားပွဲတော်ရာသီမှာ နိုင်ငံတစ်ဝန်းက ဘုရားဖူးတွေဟာ မြတ်စွာဘုရားရဲ့ ခြေတော်ရာ(၂)ဆူကို ဖူးမြော် ရင်း မန်းချောင်းရဲ့ ဝမ်းကြာပြင်မှာ ရေချိုးဆော့ကစားနိုင်ဖို့အတွက် ကားကြီး ကားငယ်အသွယ်သွယ်နဲ့ တစ်ဖွဲဖွဲရောက်လာလေ့ရှိကြပါတယ်။
အထက်မှာဆိုခဲ့တဲ့ မင်းလှကျင်း ဆိုတဲ့ ရွာကလေးဟာလည်း ဘိုးဘွားများ လက်ထက်ကတည်းက ရွှေစက် တော်ဘုရားပွဲတော်ရာသီရဲ့ တပေါင်းလပြည့်နေ့မှာ ဘုရားရှင်ကို အရုံဆွမ်းကပ်လှူနိုင်ဖို့အတွက် နှစ်စဉ် တပေါင်းလဆန်း (၁၂)ရက်နေ့ရောက်ပြီဆိုရင် ရွာမှာရှိသမျှနွားလှည်းတွေမှာ ပေါင်းမိုးကိုယ်စီတပ်ဆင်ပြီး လှည်းတန်းကြီးနဲ့ မန်းစက်တော်ရာဆီ လှမ်းချီလေ့ရှိခဲ့ကြတာဟာ ယနေ့အထိပါပဲ။
အခုလို နွားလှည်းယာဉ်တန်းနဲ့ အစဉ်အလာမပျက် ရွှေစက်တော်ဘုရားဖူး ထွက်နိုင်ဖို့ ရွာကနေ တစ်ရပ် တစ်ကြေးမှာ အခြေချနေထိုင်ကြသူတွေနဲ့ နိုင်ငံရပ်ခြားရောက်နေသူတွေတောင် တပေါင်းလဆန်း(၁၂)ရက် နေ့မတိုင်မီ ရွာကို အရောက်ပြန်လာကြလေ့ရှိပါတယ်။ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ ကားနဲ့ တစ်မျိုး ဆိုင်ကယ်နဲ့တစ်သွယ် လိုက်ပါတာမျိုးရှိပေမယ့် ပေါင်းမိုးတပ်လှည်းတန်းကြီးကတော့ ရိုးရာမပျက်ပါပဲ
လို့ မင်းလှကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း က အစဉ်အလာကိုထိန်းသိမ်းနိုင်သူတစ်ဦးအနေဖြင့် ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောပါတယ်။
နှစ်စဉ် တပေါင်းလဆန်း(၁၂)ရက်မှာ လှည်းယာဉ်တန်းနဲ့ထွက်ခွာလေ့ရှိခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ကလေး တွေ စာမေးပွဲရှိနေတာနဲ့ အထွက် တစ်ရက်နောက်ကျသွားတာကြောင့် အပြန်မှာလည်း တစ်ရက် နောက် ဆုတ်ပြီး တပေါင်းလပြည့်ကျော်(၂)ရက်နေ့ကျမှ ပြန်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလှည်းတန်းကြီးဟာ ဒီကနေ့ခေတ်မှာတော့ တွေ့မြင်ခွင့်မရတော့လောက်အောင် ရှားပါးမြင်ကွင်းတစ်ခုဖြစ် တာနဲ့အညီ မြန်မာ့ဓလေ့ကို ဖက်တွယ်ခုံမင်တန်ဘိုးထားတတ်တဲ့ ဓာတ်ပုံပညာရှင်တွေနဲ့ မီဒီယာတွေက လည်း ဒီမြင်ကွင်းကို လက်လွတ်မခံကြပါဘူး။ နိုင်ငံတစ်ဝန်းက နာမည်ကျော်ဓာတ်ပုံပညာရှင်ကြီး တွေ တောင် အရောက်လာကြတာကိုတွေ့ရပါတယ်။
မင်းလှကျင်းနဲ့ (၁၂) မိုင်ခန့်ကွာဝေးတဲ့ ရွှေစက်တော်ဘုရားပွဲတော်အနီးက လှေတင်အဆင်း ထုံးဖိုအရှေ့ ဘက်နားက မန်းချောင်းသောင်ပြင်မှာ စခန်းချကြမှာဖြစ်ပြီး (၆)နာရီလောက်တော့ မောင်းကြရမယ်လို့ဆို တာကြောင့် ည(၉)နာရီလောက်ကျမှ သူတို့ရောက်ကြပါလိမ့်မယ်။
စခန်းချရာမှာ (၅)ရက်နေ (၄)ညအိပ်၊ ပေါင်းလပြည့်နေ့မှာတော့ အရုံဆွမ်းကပ်ကြ၊ ရွှေသင်္ကန်းအစပြုတဲ့ လှူဒါန်းဖွယ်ရာတွေလှူကြနဲ့ ဒါမျိုးစေ့တွေကို ချကြပါလိမ့်မယ်။ ပြီးရင်တော့ ဘုရားပွဲတော်မှာ ဝယ်စရာ ခြမ်း စရာရှိတာတွေဝယ်ကြ၊ လျှောက်လည်ကြ၊ မန်းချောင်းပြင်မှာ ရေချိုးကြ၊ ပျော်ကြ၊ရွှင်ကြနဲ့ စိတ်အပန်းဖြေ ကြမှာပေါ့။
ခေတ်တွေပြောင်းလဲလာပေမယ့် ဘိုးဘွားမိဘများလက်ထက်ကတည်းက နွားလှည်းယာဉ်တန်းနဲ့ အခုလို ဘုရားဖူးထွက်ခဲ့ကြတဲ့အစဉ်အလာကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ရယ်၊ ရောက်လာတော့မယ့်နွေရာ သီမှာ ရင်ဆိုင်ရတော့မယ့် ရေရှားပါးမှုကို ခံနိုင်ရည်ရှိဖို့ အားမွေးတဲ့အနေနဲ့ လူတွေရော နွားတွေပါ မန်းချောင်းရေမှာ တဝ စိမ်၊ တစ်ဝသောက်ကြမယ်။ ဘုရားပွဲတော်မှာ ဘုရားဖူးရင်း လျှောက်လည်ကြမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပေါ့ဗျာ
လို့ လှည်းယာဉ်တန်းမှာ လိုက်ပါသူတစ်ဦးရဲ့ ပြောစကားကြောင့် ပျော်ရွှင် ဖွယ်ရာနောက်က အညာဒေသခံအများစု ကြုံတွေ့ရလေ့ရှိတဲ့ ဘဝအမောတွေကိုလည်း ထိရှစွာနဲ့ ခံစား လိုက်ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နွားလှည်းယာဉ်အစီးရေ(၄၀)ဝန်းကျင်ကတော့ တပေါင်းလဆန်း(၁၃)ရက်နေ့ ညနေပိုင်း မှာ မင်းလှကျင်းကျေးရွာကနေ တစ်စီတစ်တန်းကြီးနဲ့ ထွက်ခွာလို့လာခဲ့ပါပြီ။ နွားလှည်းယာဉ်တွေပေါ်မှာ လိုက်ပါသူ၊ ခြေကျင်လိုက်ပါသူ၊ ဆိုင်ကယ်တွေနဲ့ ရှေ့တော်ပြေးလိုက်ပါသူ၊ ခြူသံ၊ နှင်သံ၊ နွားသံ၊ လူသံ၊ လှည်းသံ၊ ဆိုင်ကယ်စက်သံတွေက ဖုန်လုံးတွေကြားမှာ အပျော်တွေနဲ့ ညံနေပါတော့တယ်။
Tachileik News Agency
ဆောင်းပါး - ဖီးနစ်