ထိုင်းနိုင်ငံတွင် Mask အဟောင်းရောင်းချသူက Mask အဟောင်း နှစ်သိန်းကို ဈေးကွက်တွင် ရောင်းချထား
ထိုင်းနိုင်ငံ၊ ဆူရတ်ဘူရီခရိုင်တွင် Mask အဟောင်းများကို ပြန်လည်သန့်စင်ကာ ရောင်းချသည့်လုပ်ငန်းက ဈေးကွက်အတွင်း ပြန်လည်ထုပ်ပိုးထားသည့် Mask အခုရေ (၂)သိန်း ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။
ပြန်လည်ထုပ်ပိုးထားသည့် Mask များကို တစ်ခုလျှင် (၃)ဘတ်နှုန်းဖြင့် facebook မှ ပြန်လည်ရောင်းချခဲ့ပြီး အခုရေ (၂)သိန်းကို ရောင်းချထာပြီးဖြစ်ကြောင်း ဆိုင်ရှင်အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်(COVID 19)ကူးစက်မှုကြောင့် ဈေးကွက်တွင် Mask ဝယ်လိုအားမြင့်နေရာ အသုံးပြုပြီး Mask အဟောင်းများကို လျှော်ဖွပ်မီးပူတိုက်ကာ ပြန်လည်ထုပ်ပိုးရောင်းချနေသည့်လုပ်ငန်းတစ်ခုကို ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ (၂) ရက်နေ့က ဖမ်းမိထားခြင်းဖြစ်သည်။
အဆိုပါ ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် ဆိုင်ရှင်အမျိုးသမီးကို မတွေ့ရဘဲ ဆိုင်ရှင်၏ သားဖြစ်သူနှင့် အလုပ်သမား (၆)ဦးကိုသာ တွေ့ရပြီး အလုပ်သမားများသည် Mask အဟောင်းများ ပြန်လည်ပြုပြင်ခအဖြစ် တစ်ခုလျှင် တစ်ဘတ်ရရှိကြောင်း သိရသည်။
ယင်းနောက် ဆိုင်ရှင်အမျိုးသမီးကို ဖမ်းမိပြီးနောက် ဆိုင်ရှင်နှင့်အတူ အလုပ်သမား (၆)ဦးကိုပါ အရေးယူထားကြောင်း သိရသည်။
COVID 19 သည် ချောင်းဆိုး၊ နှာချေရာမှ လွင့်စဉ်လာသည့် အမှုန်အမွှားများအဖြစ် ကပ်ညိနေသည့် နေရာများကို ထိကိုင်မိသည့်လက်မှတစ်ဆင့် ပါးစပ်၊ မျက်လုံးစသည်တို့မှ ဝင်ရောက်ကူးစက်နိုင်ခြင်းဖြစ်၍ Mask တပ်ဆင်ခြင်းအစား လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း၊ ပါးစပ်၊မျက်လုံးများကို လက်မဆေးဘဲ ထိတွေ့ကိုင်တွယ်ခြင်းအား ရှောင်ကြဉ်ခြင်း၊ ချောင်းဆိုး၊နှာချေသူများ တစ်ရှုးဖုံးအုပ်အသုံးပြုပြီး စနစ်တကျစွန့်ပစ်ခြင်းများကို လုပ်ဆောင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ကျန်းမာရေး ပညာရှင်များက တိုက်တွန်းအကြံပြုကြသော်လည်း ဈေးကွက်တွင် Mask ဝယ်လိုအားမှာ မြင့်တက်နေဆဲဖြစ်သည်။
Tachileik News Agency
Ref: Khaosod