ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အသံဆူညံသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေ၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့က စတင်ပြီး ပါဝါအိတ်ဇောများကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေသည်ကို တွေ့ရသည်။
ပါဝါ အိတ်ဇောတွေကို စီမံချက်ချပြီး ဖမ်းဆီးနေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လူတွေ အထိတ်တလန့် ဖြစ်တာပေါ့။ ညအချိန်မတော်ကြီး အသက်ကြီးတဲ့သူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေ အထိတ်တလန့် ဖြစ်တာပေါ့။ ပါဝါအိတ်ဇောဖမ်းမိရင် တရားရုံးဒဏ်ငွေ ဆောင်ခိုင်းတယ်။ ဒဏ်ဆောင်ပြီးရင် ပါဝါအိတ်ဇောမဟုတ်တဲ့ အိတ်ဇောပြန်တပ်ပြီးမှ ထုတ်ပေးတယ်
ဟု အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)မှ ရဲမှူးညီညီလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)က ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို စီမံချက်ဖြင့် ဖမ်းဆီးနေရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ မတ်လ (၈) ရက်နေ့အထိ ဆိုင်ကယ် (၄၂) စီး ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသည့် ပါဝါအိတ်ဇောများကို အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသော အားဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဖျက်ဆီးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်မောင်းနှင်ချိန်တွင် ထိုင်ခုံခါးပတ် ပတ်ထားရန်၊ မော်တော်ဆိုင်ကယ် စီးနင်းချိန်တွင် ဦးထုပ်ဆောင်းရန်နှင့် ပါဝါအိပ်ဇော တပ်ဆင်မောင်းနှင်မှုမရှိစေရေးအတွက် အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)က ကညန အပါအဝင် သက်ဆိုင်ရာ ဌာနများဖြင့် ပူးပေါင်းကာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ မတ်လ (၈) ရက်နေ့အထိ အသိပညာပေးမှု (၆၆) ကြိမ်ဆောင်ရွက်ခဲ့ပြီးကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - Sai Ba Kyaw Kyaw