မကွေးတွင် သီးသန့်စောင့်ကြည့်ကုသနေသည့် တရုတ်မှပြန်လာသူတစ်ဦး အခြေအနေ တိုးတက်ကောင်းမွန်နေပြီး ကော်ရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ထား

မကွေးတွင် သီးသန့်စောင့်ကြည့်ကုသနေသည့် တရုတ်မှပြန်လာသူတစ်ဦး အခြေအနေ တိုးတက်ကောင်းမွန်နေပြီး ကော်ရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ထား
ဖေဖော်ဝါရီ 2, 2020
By 🌸

 တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူများအား မူဆယ်နယ်စပ်ဂိတ်အဝင်တွင် ကိုယ်ခန္ဓာအပူချိန် တိုင်းတာစစ်ဆေးနေစဉ်

မကွေးတိုင်းဒေသကြီး၊ အောင်လံပြည်သူ့ဆေးရုံတွင် သီးသန့်စောင့်ကြည့်ကုသနေသည့် တရုတ်နိုင်ငံမှ ပြန်လာသူတစ်ဦး၏ အခြေအနေမှာ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့တွင် အခြေအနေ တိုးတက် ကောင်းမွန်နေပြီး တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူများကို သံသယလက္ခဏာများ နေ့စဉ်စောင့်ကြည့်ခြင်းကို မြို့နယ်နှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 “မကွေးတိုင်းအတွင်းက မင်းလှ၊ ပွင့်ဖြူ၊ အောင်လံ၊ နတ်မောက်၊ ရေနံချောင်း၊ ချောက် မြို့နယ်များမှာ ပျမ်းမျှအားဖြင့် တရုတ်ကပြန်ဝင်လာသူ (၃၀၀)ဦးလောက် ရှိပါတယ်။ မြို့နယ်၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ တွေကနေ သူတို့ကို နေ့စဉ် သံသယရောဂါလက္ခဏာတွေရှိ၊ မရှိ၊ အဖျားရှိ၊ မရှိ၊ ချောင်းဆိုးမှုရှိ၊ မရှိ၊ အသက်ရှူမဝတဲ့အခြေအနေမျိုးတွေရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနကို နေ့စဉ်သတင်းပို့ဖို့နဲ့ သံသယရောဂါလက္ခဏာရှိနေတယ်ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်အ သီးသီးက ဆေးရုံတွေမှာ သီးသန့်ထားရှိတဲ့ Isolation Room မှာ ထားရှိကုသမှုပေးသွားဖို့ တိုင်းကျန်း မာရေးနှင့် ကုသရေးဦးစီးဌာန က ညွှန်ကြားထားပါတယ်”

ဟု မကွေးတိုင်းကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဇော်မိုးအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်မှပြန်လည်ရောက်ရှိလာသူများအား တရုတ်နိုင်ငံဘက်နှင့် မြန်မာနိုင်ငံ နယ်စပ်အဝင်တို့တွင် ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး နေထိုင်ရာဒေသများတွင်လည်း ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်စောင့်ကြည့်ကာ တိုင်းဒေသကြီး ဦးစီးဌာနသို့ သတင်းပေးပို့နေခြင်းဖြစ်ကြောင်း သိရသည်။

“2019 Novel  Coronavirus ပိုးဟာ ပုံမှန်အားဖြင့် တိရစ္ဆာန်များမှာ အဖြစ်များပြီး လူတွေကို ကူးစက်မှု နည်းပါးပါတယ်။ ရောဂါပိုးရှိသူရဲ့ နှာချေချောင်းဆိုးမှုကြောင့် ရောဂါပိုးဟာ လေထုတွင်းကို ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းကတစ်ဆင့် တိုက်ရိုက် ကူးစက်နိုင်သလို ရောဂါပိုးရှိသူမှ ထွက်ရှိတဲ့ အမှုန်အမွှား များ ကပ်ငြိနေတဲ့ အရာဝတ္ထုပစ္စည်းများကို လက်နဲ့ ထိတွေ့ကိုင်တွယ်မိရာကတစ်ဆင့် နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိတို့ကို ပွတ်သပ်မိရာလည်း ကူးစက်နိုင်တာကြောင့် အပြင်ကပြန်လာတိုင်း အရာဝတ္ထုနဲ့ တိရစ္ဆာန်ကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးကြဖို့ အဓိကလိုအပ်ပါတယ်”

ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦး စီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ဥက္ကဌ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အတွင်းရေးမှူး အဖြစ်တာဝန်ယူသည့် 2019 Novel  Coronavirus (2019-nCoV)  အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီနှင့် နည်းပညာဆိုင်ရာလုပ်ငန်းကော်မတီတို့ကို ၂၀၂၀ခု ဇန်နဝါရီလ(၃၀)ရက်နှင့် (၃၁)ရက်နေ့တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -ဖီးနစ်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~