တရုတ်နိုင်ငံ အကျဉ်းထောင်(၅)ခုတွင် ဖမ်းဆီးထားသည့် မြန်မာသင်္ဘောသားများ အမှု မြန်ဆန်ရေးနှင့် ပြစ်ဒဏ်လျှော့ပေါ့ရေး တရုတ်အစိုးရကို မေတ္တာရပ်ခံထား

တရုတ်နိုင်ငံ အကျဉ်းထောင်(၅)ခုတွင် ဖမ်းဆီးထားသည့် မြန်မာသင်္ဘောသားများ အမှု မြန်ဆန်ရေးနှင့် ပြစ်ဒဏ်လျှော့ပေါ့ရေး တရုတ်အစိုးရကို မေတ္တာရပ်ခံထား
ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency
တရုတ်နိုင်ငံ အကျဉ်းထောင်(၅)ခုတွင် ဖမ်းဆီးထားသည့် မြန်မာသင်္ဘောသားများ အမှု မြန်ဆန်ရေးနှင့် ပြစ်ဒဏ်လျှော့ပေါ့ရေး တရုတ်အစိုးရကို မေတ္တာရပ်ခံထား

တရုတ်နိုင်ငံရှိ အကျဉ်းစခန်း (၅) ခုတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့အထိ စစ်ဆေး တွေ့ရှိထားသည့် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ခံရသည့် အကျဉ်းသား၊ အကျဉ်းသူ (၅၀၀) ကျော်တွင် မြန်မာသင်္ဘောသား (၆၃)ဦး မပါဝင်ကြောင်း ပေကျင်းမြို့ မြန်မာသံရုံးက ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့က သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်နေသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာသင်္ဘောသားများ၏ အမှုများကို လျင်လျင်မြန်မြန်ပြီးပြတ်စေရေးနှင့် ပြစ်ဒဏ် လျော့ပေါ့သက်ညှာစွာ စဉ်းစားပေးပါရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် မေတ္တာရပ်ခံထားပြီး အကျဉ်းစခန်း (၁၈)ခုတွင် အမှုရင်ဆိုင်ဆဲနှင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာသင်္ဘောသားများအရေးကို မြန်မာသံရုံးက ဆက်သွယ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးက ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့အထိ စာရင်းရရှိထားသည့် မြန်မာသင်္ဘောသားများ ထိန်းသိမ်းခံထားရသည့် အကျဉ်းစခန်း (၁၈)ခုမှာ COVID 19 ကူးစက်ခံရခြင်းမရှိဘဲ မြန်မာသင်္ဘောသားများမှာလည်း ကျန်းမာရေးကောင်းမွန်နေကြောင်း သတင်းရရှိထားသည်ဟု သံရုံးက ထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့အထိ စစ်ဆေးတွေ့ရှိချက်များအရ ဝူဟန်မြို့ အမျိုးသမီးအကျဉ်းစခန်းတွင် ရောဂါကူးစက်ခံထားရသူ (၂၃၀)ဦး၊ ရှန်တုန်းပြည်နယ် ရန်ချန်းမြို့ အကျဉ်းစခန်းတွင် ရောဂါကူးစက်ခံထားရသူ (၂၀၀)ဦးအပါအဝင် ဟူပေ၊ ရှန်းတုန်းနှင့် ကျက်ကျန်းပြည်နယ်များရှိ အကျဉ်းစခန်း (၅)ခုမှ အကျဉ်းသား (၅၀၀)ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။

လက်ရှိတွင် ရောဂါကူးစက်မှုရှိနေသည့် အကျဉ်းစခန်း (၅)ခုမှ ကူးစက်ခံထားရသူများကို သီးခြားခွဲ၍ ကုသပေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက စတင်ကူးစက်ခဲ့သည့် COVID 19 (ကိုရိုနာဗိုင်းရပ်စ်)မှာ တရုတ်ပြည်မကြီးအပြင် အခြားနိုင်ငံများသို့ပါ ကူးစက်နေပြီး ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့တွင် တစ်ကမ္ဘာလုံး၌ ကူးစက်ခံထားရသူ (၈၀,၉၉၄)အနက် (၇၈၀၆၄)ဦးမှာ တရုတ်ပြည်မကြီးမှဖြစ်ပြီး သေဆုံးသူ စုစုပေါင်း (၂၇၆၀)ဦးတွင် (၂၆၁၅)ဦးမှာ တရုတ်ပြည်မကြီးမှ ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~