တရုတ်နိုင်ငံမှ ပြန်လာသူများ မကွေးတိုင်းဒေသကြီးတွင် ဖျားနာခြင်းဖြစ်ပါက ကိုရိုနာဗိုင်းရပ်စ် (COVID 19) သံသယဖြင့်စောင့်ကြည့်ပြီး ရောဂါကင်းရှင်းကြောင်း ဓါတ်ခွဲခန်းအဖြေရ၍ ဆေးရုံဆင်းပေးသူများကို ရပ်ကွက်၊ ကျေးရွာများ၌ ခွဲခြားဆက်ဆံခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ကျွန်တော့်အနေနဲ့ အကြံပြုချင်တာက ဒီရောဂါကြီးကို မကြောက်ကြပါနဲ့။ မကြောက်ဘဲလည်း မနေပါနဲ့ပေါ့။ ကျွန်တော်တို့ကနေ ဆေးရုံကနေ ဆင်းပေးလိုက်ရော၊ ဘယ်လိုဖြစ်သလဲဆိုရင် ရပ်ကွက်ထဲ ကျေးရွာထဲကို ပြန်အဝင်မခံဘူး။ အဲဒီလိုမျိုးတွေရှိတယ်လို့ သတင်းတွေ ကြားနေရတယ်။ ဆေးရုံက ဆင်းပေးလိုက်တဲ့ စောင့်ကြည့်လူနာပဲဖြစ်ဖြစ် သံသယလူနာပဲဖြစ်ဖြစ် အဲဒီ လူနာမဟုတ်တော့တဲ့သူကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးကြပါ။ လက်ခံပေးကြပါလို့ အနူးအညွတ် တိုက်တွန်းပြောကြားလိုပါတယ်
ဟု မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ပြောသည်။
လက်ရှိတွင် မကွေးတိုင်းဒေသကြီးဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ တစ်ဦးကျန်ရှိနေပြီး ကျန်လူနာများမှာ ရောဂါပိုးကင်းကြောင်း ဓါတ်ခွဲခန်းအဖြေရပြီဖြစ်၍ ဆေးရုံဆင်းပေးလိုက်ပြီဖြစ်သည်။
ရှမ်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယနှင့် စောင့်ကြည့်လူနာများ ဓါတ်ခွဲခန်းအဖြေရ၍ ဆေးရုံဆင်းချိန်တွင် ကျန်းမာရေးဌာနဝန်ထမ်းများက သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ ဆေးရုံဆင်းသူများအား နေရပ်ပို့၍ ခွဲခြားဆက်ဆံခံရခြင်းမရှိစေရန် ကျန်းမာရေးအသိပညာပေးခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019 (COVID-19)နှင့် ပတ်သက်သည့် လူနာများကို ကိုင်တွယ်ပြုစုကြရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် လုံလောက်သည့် ကာကွယ်ရေးအစီအမံပစ္စည်း လိုအပ်ချက်ရှိနေကြောင်း မကွေးတိုင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ မြတ်စိုးက ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံအသီးသီးတွင် သံသယလူနာတွေ့ရှိပါက စောင့်ကြည့်ကုသရန် သီးသန့်ကြပ်မတ်ကုသခန်းများ ဆောင်ရွက်ထားသော်လည်း တရုတ်နိုင်ငံမှ ပြန်လာပြီး ဖျားနာသူများတွေ့ပါက မကွေးတိုင်းဆေးရုံကြီးသို့သာ လွှဲပို့ပေးမှုများကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်