မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ရုတ်တရက် ကူးစက်ခံရသူများ ရှိလာနိုင်သည့်အတွက် ပွဲလမ်းသဘင် နှင့် လူစုလူဝေးများ လတ်တလောရှောင်ကြဉ်ရန် ကျန်းမာရေး သတိပေး
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်( COVID - 19 )လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသူ မတွေ့ရှိရသေးသော်လည်း လူစုလူဝေးမှ တဆင့် ရုတ်တရက်တစ်ပြိုင်နက် တွေ့ရှိလာနိုင်သည့် အတွက် လူစုလူဝေး နှင့် ပွဲလမ်းသဘင်များအား ရှောင်ကြဉ်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ ည(၁၀)နာရီခွဲက ထုတ်ပြန်ကြေညာထားရှိသည်။
ကိုရိုနာဗိုင်းရပ်စ်အား လတ်တလောတွင် မြန်မာနိုင်ငံအတွင်း မတွေ့ရသေးပေမယ့် ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ လတ်တလော သွားရောက်ခဲ့ကာ ပြန်လာသူများ၌ စစ်ဆေးမှုတွင် ရောဂါလက္ခဏာမပြသေးသော်လည်း မြန်မာနိုင်ငံအတွင်း ရောဂါဖြစ်ပွားသူ ရုတ်တရက်တပြိုင်နက် တွေ့ရှိလာနိုင်ပြီး အများပြည်သူများအတွင်း ကူးစက်ပျံ့ပွားမှု ဖြစ်လာနိုင်ကြောင်း အသိပေးထားရှိသည်။
ရုတ်တရက်ကူးစက်မှု မရှိစေရန်အတွက် လူစုလူဝေးများပြားရာနေရာများ နှင့် ပွဲလမ်းသဘင်များရှိရာနေရာများသို့ အတတ်နိုင်ဆုံး မသွားကြရန် နှင့် မဖြစ်မနေ ပွဲကျင်းပရသည်ဖြစ်စေ၊ သွားရသည်ဖြစ်စေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြထားသည့် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ အီတလီ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ အီရတ်၊ ဩစတေးလျ၊ မလေးရှား၊ ဂျာမဏီ၊ ဗီယက်နမ်၊ အာရပ်စော်ဘွားများနိုင်ငံ၊ ပြင်သစ်၊ ကနေဒါ၊ ဗြိတိန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ရုရှား၊ စပိန်၊ လက်ဘနွန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဘယ်လ်ဂျီယံ၊ ဖင်လန်၊ ဆွီဒင်၊ အီဂျစ် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၉)နိုင်ငံအထိ ကူးဆက်ပျံ့နှံ့နေခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်အထိ နိုင်ငံပေါင်း (၂၉) နိုင်ငံသို့ ကူးစက်ခံရသူ စုစုပေါင်း (၇၈,၉၉၁)ဦးရှိပြီး သက်သာပျောက်ကင်း ဆေးရုံဆင်းသွားကြသူများမှာ (၂၃,၅၀၉)ဦးရှိရာ သေဆုံးသူ စုစုပေါင်းမှာလည်း (၂,၄၆၉)ဦးအထိ ရှိလာကြောင်း သိရသည်။