မကွေးတွင်ရောက်နေသည့် ဝူဟန်မှတရုတ်နိုင်ငံသားကို စောင့်ကြည့်နေမှုအပြင် တရုတ်မှ ပြန်လာသူများကို စောင့်ကြည့်စစ်ဆေးရန်ပြင်ဆင်ထား

မကွေးတွင်ရောက်နေသည့် ဝူဟန်မှတရုတ်နိုင်ငံသားကို စောင့်ကြည့်နေမှုအပြင် တရုတ်မှ ပြန်လာသူများကို စောင့်ကြည့်စစ်ဆေးရန်ပြင်ဆင်ထား
ဇန်နဝါရီ 28, 2020
By 🌸

မကွေးတွင်ရောက်နေသည့် ဝူဟန်မှတရုတ်နိုင်ငံသားကို စောင့်ကြည့်နေမှုအပြင် တရုတ်မှ ပြန်လာသူများကို စောင့်ကြည့်စစ်ဆေးရန်ပြင်ဆင်ထား

နိုင်ငံပေါင်း(၁၄)နိုင်ငံအထိပျံံ့နှံ့နေသည့် တရုတ်နိုင်ငံမှ ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် မကွေးတိုင်းဒေသကြီးသို့ ရောက်ရှိနေသည့် ဝူဟန်မြို့မှ တရုတ်နိုင်ငံသားတစ်ဦးကို စောင့်ကြည့်စစ်ဆေးမှု လုပ်ဆောင်နေပြီး တရုတ်နိုင်ငံမှ ပြန်လာမည့် မြန်မာလုပ်သားများကို ဂရုစိုက်စောင့်ကြည့်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

“မကွေးတိုင်းမှာက သံသယဖြစ်စရာလူနာ မတွေ့ရသေးတဲ့အတွက် သီးခြားကာကွယ်ရေး အစီအစဉ် အနေနဲ့ လောလောဆယ် မရှိသေးပါဘူး။ ရောဂါစတင်ဖြစ်နေတဲ့ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေ အထည်ချုပ် စက်ရုံလုပ်ငန်းရှင်တစ်ဦး လွန်ခဲ့တဲ့ လေး၊ ငါးရက်လောက်က မကွေးတိုင်းကို ရောက်ရှိလာတာ ရှိတယ်။ ပခုက္ကူနဲ့ ပွင့်ဖြူတို့မှာ အစိုးရအနေနဲ့ အရံှူးပေါ်နေတဲ့ စက်ရုံတွေရှိတယ်။ အဲဒီ စက်ရုံတွေမှာ သူ့လုပ်ငန်းတွေ လုပ်လို့ရနိုင်မလားဆိုပြီး စုံစမ်းဖို့ရောက်လာတာ။ သူကတော့ ကျန်းကျန်းမာမာပဲ။ ရောဂါမဖြစ်ခင်က ထွက်လာပုံရတယ်။ သူနဲ့ပတ်သက်ပြီး ဖျားသလား နာသလား အကဲခတ်စောင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်” 

ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ပြောသည်။

တရုတ်နိုင်ငံမှ ပြန်ဝင်လာမည့် မြန်မာလုပ်သား (၁၆၇)ဦးတွင် မကွေးတိုင်းမှ (၆) ဦးပါရှိသဖြင့် နေရပ်ပြန်လာသူများ၏ ကျန်းမာရေးအခြေအနေကို တိုင်းကျန်းမာရေးဦးစီးဌာနက ဂရုတစိုက် စောင့် ကြည့်သွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

“တိုင်းကျန်းမာရေးဦးစီးဌာနကိုလည်း သေချာသတိထားစောင့်ကြည့်ဖို့ ကျွန်တော် ပြောထားပါတယ်။ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ကလည်းပဲ ဒါတွေနဲ့ပတ်သက်ပြီးတော့ မဖြစ်သေးခင်နဲ့ ဖြစ်လာခဲ့ရင် ဘာတွေကြို တင်ကာကွယ်သင့်လဲ။ သိသင့်သိထိုက်တာတွေကို ဆိုရှယ်မီဒီယာတွေမှာ ပြောနေပါတယ်”

ဟု ဝန်ကြီးချုပ်က ပြောသည်။

မကွေးတိုင်းတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂၉) ရက်နေ့မှစ၍ ရက်ပေါင်း(၈၀) ကြာ ကျင်းပတော့မည့် ရွှေစက်တော်ဘုရားပွဲသို့ နိုင်ငံအဝန်းမှ ဘုရားဖူးများ ရောက်ရှိလာကြတော့မည်ဖြစ်ရာ ကျန်းမာရေး စောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~