မကွေးတိုင်းအတွင်း စိုက်ပျိုးခြင်းမရှိသည့် မြေလွတ် မြေလပ် မြေရိုင်းများကို ပြန်လည်သိမ်းဆည်းသွားမည်
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေ လျှောက်ထားရယူထားပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသည့် မြေလွတ် မြေလပ် မြေရိုင်းများကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ သိရသည်။
“စွပ်စွဲတာတော့ မဟုတ်ဘူးပေါ့။ မကွေး - နေပြည်တော်လမ်း၊ မကွေး-မင်းဘူး-အမ်းလမ်း၊ ပုသိမ်-မုံရွာလမ်း၊ မကွေး-ရေနံချောင်းလမ်း စသဖြင့် ရှိတယ်။ အဲဒီ လမ်းမကြီးတွေဘေးမှာ မြေနေရာ ဦးသလား သံသယရှိတာပေါ့။ စာရင်းတက်တဲ့အတိုင်းပဲ ယူထားတဲ့ထဲက ဘယ်နှစ်ဧကစိုက်ပြီး ကျန်တာဘာမှ မစိုက်ရင်လည်း ပြန်သိမ်းရမယ်။ တစ်ချို့ဆိုလို့ရှိရင်လည်း ကျွန်းစိုက်မယ်။ သနပ်ခါးစိုက်မယ်။ စိန်တစ်လုံးသရက်စိုက်မယ် စသဖြင့် ပြောထားကြပေမဲ့ ဘာစိုက်တာကိုမှ စာရင်းတက်မလာတာရှိတယ်။ တစ်နှစ်အတွင်း ဘာလုပ်တုန်း၊ (၄) နှစ်အတွင်း ဘာလုပ်တုန်း၊ ဒါတွေဟာ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ရမှာတွေရှိတယ်။ မလုပ်ဘူးဆိုလို့ရှိရင် ဘာစိုက်ပါတယ်လို့ စာရင်းတက်မလာရင် ပြန်သိမ်းရပါမယ်”
ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၇)ရက်နေ့ကပြောသည်။
မြေလွတ် မြေလပ် မြေရိုင်း ရယူလုပ်ကိုင်မည်ဆိုပါက အဆိုပါမြေ၌ ပထမနှစ်တွင် (၁၅)ရာခိုင်နှုန်း၊ ဒုတိယနှစ် တွင် (၃၀) ရာခိုင်နှုန်း၊ တတိယနှစ်တွင် (၃၀) ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် ကျန်ရှိသည့် (၂၅) ရာခိုင်နှုန်းအား စိုက်ပျိုးရမည်ဖြစ်ပြီး (၄) နှစ်ပြည့်၍ ယင်းသို့စိုက်ပျိုးခြင်းမရှိပါက ပြန်သိမ်းဆည်းမည်ဟု ဥပဒေတွင် ပြဌာန်းထားကြောင်း သိရသည်။
“ကျွန်တော်တို့ အစိုးရအဖွဲ့တာဝန်ယူပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာ ခွင့်ပြုတဲ့ဟာရှိတယ်။ ၂၀၁၇ မှာခွင့်ပြုခဲ့ တာတွေရှိတယ်။ ဥပဒေအရတော့ (၄)နှစ်အတွင်း စိုက်ပျိုးမှုမရှိဘူးဆိုရင်တော့ ပြန်သိမ်းပြီးတယ်လို့ မှတ်ယူရ မယ်ဆိုတဲ့ ဥပဒေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တု့ိက ဗဟိုရဲ့ညွှန်ကြားချက်နဲ့အညီ အထူးအဖွဲ့ဖွဲ့ပြီး အသေးစိတ် စစ်ဆေးသွားမှာပါ။ ပြီးတာနဲ့ မြေလွတ် မြေလပ် မြေရိုင်းဗဟိုကော်မတီကို ကျွန်တော်တို့တင်ပြ ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာပါ”
ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြောသည်။
မကွေးတိုင်းအတွင်း မြေလွတ် မြေလပ် မြေရိုင်းဧကစုစုပေါင်း (၃၅၀၁၈၆၅)ရှိပြီး လုပ်ကိုင်ခွင့်လျှောက်ထား ဧက(၃၁၄၉၇.၂၇)အနက် ယခင်ဗဟိုကော်မတီမှ ခွင့်ပြုဧက(၁၄၄၄.၄၁)၊ ယခု ဗဟိုကော်မတီခွင့်ပြုဧက (၁၆၉၃.၇၅)၊ တိုင်းဒေသကြီးကော်မတီခွင့်ပြုဧက (၅၇၃.၆၂)၊ စုစုပေါင်း (၃၇၁၁.၇၈)ဧက ကိုခွင့်ပြုပေးခဲ့ပြီး မြေလွတ်မြေလပ်မြေရိုင်းဧကပေါင်း (၃၄၉၈၁၅၃.၂၂)ကျန်ရှိနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၏စာရင်းအရ သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊တိုင်းအုပ်ချုပ်ရေးမှူး၊ တိုင်းလယ်ယာမြေအသုံးချမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ ရေနံချောင်း မြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့သည် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ရေနံချောင်းမြို့ရှောင်လမ်းတစ်လျှောက်ရှိ မြေလွတ် မြေလပ် မြေရိုင်း များတွင် စိုက်ပျိုး ထားရှိမှုအခြေအနေများကို စတင်ကွင်းဆင်းစစ်ဆေးခဲ့ရာ ခွင့်ပြုဧက (၂၇၀)အနက် (၅၇)ဧက ခန့်သာ စိုက်ပျိုးမှုရှိသည်ကို စိစစ်တွေ့ ရှိခဲ့ရကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓါတ်ပုံ - တိုင်းအစိုးရအဖွဲ့