JICM တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ ဆွေးနွေးမည့်အချက်များ ညှိနှိုင်းအတည်ပြု
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့တွင် JICM အစည်းအဝေး၌ ဆွေးနွေးမည့် အကြောင်းအရာများကို ဆွေးနွေးအတည်ပြုထားပြီး JICM အပြီးတွင် နှစ်ဖက်ညှိနှိုင်းရေး နောက်ဆက်တွဲအစည်းအဝေး ကျင်းပရန် ဇန်နဝါရီလ (၇)ရက်နေ့၌ သဘောထား ချမှတ်ထားကြောင်း သိရသည်။
“မနက်ဖြန်မှာ ကျင်းပမယ့် (၈)ကြိမ်မြောက် JICM အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလွန်အရေးပါတာ ဖြစ်ပါတယ်။ JICM အစည်းအဝေး အောင်မြင်အောင် ကျင်းပနိုင်ခြင်းဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ခြင်းကို များစွာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်”
ဟု PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် RCSS/SSA မှ ဗိုလ်ချုပ်ကြီး ယွက်စစ်က အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
တစ်နိုင်ငံလုံ းပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၏ ( ၇ ) ကြိမ်မြောက်ကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပခဲ့ပြီးနောက် ထပ်မံကျင်းပနိုင်ခြင်းမရှိတော့ဘဲ ဖြစ်နေရာမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့ နံနက် (၁၀) နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ အကြိုညှိနှိုင်းအစည်းအဝေးအတွင်း (၈)ကြိမ်မြောက် JICM ပြည်လည်ကျင်းပရေးကို သဘောတူညီမှု ရခဲ့ကြခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၏ ( ၆ ) ကြိမ်မြောက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်၊( ၅ ) ကြိမ်မြောက်ကို ၂၀၁၇ ခုနှစ် ဧပြီလ (၂၄) ရက်၊( ၄ ) ကြိမ်မြောက်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ (၂၄) ရက်၊ ( ၃ ) ကြိမ်မြောက်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်၊( ၂ ) ကြိမ်မြောက်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နှင့် (၁၈) ရက်၊ ပထမအကြိမ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅)ရက်မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။