Tachileik News Agency
*****************
ထိုင်းနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးစီမံချက်ဖြင့် နေရာပေါင်း (၂၀၀)ကျော်ကို ရှောင်တခင်စစ်ဆေးမှု လုပ်ဆောင်ရာ တရားမဝင်နိုင်ငံခြားသားများနှင့် တရားမဝင် နိုင်ငံခြားသားများကို လက်ခံထားသူ စုစုပေါင်း (၅၀၀)နီးပါးကို ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါစီမံချက်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့ ညနေပိုင်းက နိုင်ငံတစ်ဝန်း နေရာပေါင်း (၂၃၈)နေရာ၌ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ (၇)ဦး၊ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူ (၂၉၅)ဦး၊ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ခွင့်ပြုမထားသည့် အလုပ်အကိုင် လုပ်ကိုင်နေသူ (၂၄)ဦး၊ တရားမဝင် နိုင်ငံခြားသားများကို လက်ခံထားပြီး သက်ဆိုင်ရာကို (၂၄)နာရီအတွင်း သတင်းမပို့သူ (၉၈)ဦး၊ တရားဝင်ဖေါ်ပြထားသည့် နေရပ်လိပ်စာတွင် မနေထိုင်သည့် နိုင်ငံခြားသား (၂၆)ဦးနှင့် အခြား လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖေါက်သူ (၂၈)ဦးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့်ပူးပေါင်းအဖွဲ့များဖြင့် ပညာရေးဆိုင်ရာအဖွဲ့အစည်း (၄)ခု၊ ကုမ္ပဏီ (၈၆)ခု၊ ဖျော်ဖြေရေးလုပ်ငန်း (၁၂)ခု၊ ဟိုတယ်၊ နေအိမ်ခန်း (၆၅)ခုနှင့် အခြားနေရာ စုစုပေါင်း (၇၁)နေရာတို့ကို ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရှာဖွေမှုမှာ မကြာမီဘန်ကောက်တွင်ကျင်းပမည့် ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းသိရသည်။
Tachileik News Agency
Ref: Chiangrai Times