Tachileik News Agency
Ref: The Nation
***********
ထိုင်းနိုင်ငံ၊ အူဒုန်ဌာနီတွင် ခိုးယူခံရသည့်မော်တော်ယာဉ်၌ ဇနီးဖြစ်သူက ခင်ပွန်းအားထောက်လှမ်းရန် ဖုန်းတစ်လုံး လျှို့ဝှက်ထည့်သွင်းထားခဲ့ကြောင်း ရဲတပ်ဖွဲ့ကိုအသိပေးခဲ့သဖြင့် အမြန်ဆုံး ပြန်လည်ရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်မှာ ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့ညပိုင်းက ပျောက်ဆုံးသွားသဖြင့် ရဲတပ်ဖွဲ့ထံတိုင်ကြားရာတွင် ယာဉ်ပိုင်ရှင်၏ဇနီးဖြစ်သူ အသက်(၂၉)နှစ်အရွယ် ပီယာနွတ်က အဆိုပါမော်တော်ယာဉ်တွင် ခင်ပွန်းဖြစ်သူ အသက်(၃၀)အရွယ် ဝတ်ထိရိုင် သွားလာသည့်နေရာများကို ထောက်လှမ်းနိုင်ရန် မိုဘိုင်းဖုန်းတစ်လုံး လျှို့ဝှက်ထည့်သွင်းထားသဖြင့် ဖုန်း၏တည်နေရာပြစနစ်ဖြင့် ရှာဖွေနိုင်ကြောင်း ရဲတပ်ဖွဲ့အား အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးသွားသည့် မော်တော်ယာဉ်ကို ပွန်နှင့် ကော့ဘ်ဇနီးမောင်နှံ၏နေအိမ်မှ ပြန်လည်တွေ့ရှိရပြီး နံပါတ်ပြားပြောင်းလဲတပ်ဆင်ထားကြောင်းသိသည်။
ခိုးယူခံရသည့်မော်တော်ယာဉ်အား ပြန်လည်တွေ့ရှိရသည့်နေအိမ်ပိုင်ရှင် ပွန်ထံမှ အဆိုပါမော်တော်ယာဉ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ကို ရောင်းချစဉ်အချိန်က မူရင်းသော့တစ်ချောင်းကိုသာပေးလိုက်ပြီး သော့အပိုကိုမပေးလိုက်ကြောင်း သိရသည်။
ပွန်နှင့်ကော့ဘ်တို့ ဇနီးမောင်နှံက အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်၍ မသိရှိကြောင်းငြင်းဆိုထားပြီး ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။
Tachileik News Agency
Ref: The Nation