*************
မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ပြီး တီဘီလူနာထက်ဝက်ကျော်မှာ အသက်(၅၀)နှစ်နှင့်အထက်ဖြစ်ကြောင်း ၂၀၁၇ - ၂၀၁၈ နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ သိရသည်။
မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ် (၃.၅) ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိသော်လည်း ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် တီဘီဖြစ်ပွားနှုန်းမှာသိသိသာသာ ကျဆင်းခြင်း မရှိသေးကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ကမ္ဘာ့တီဘီရောဂါအစီရင်ခံစာအရ မြန်မာနိုင်ငံ၌ လူဦးရေ (၁)သိန်းတွင် တီဘီရောဂါ ဖြစ်ပွားသူ (၃၅၈)ဦးနှင့် ရောဂါကြောင့်သေဆုံးသူ (၅၁)ဦးရှိနေကြောင်း ဖေါ်ပြထားသည်။
၂၀၁၈ ခုနှစ်တွင် အမျိုးသားတီဘီ ရောဂါ တိုက်ဖျက်ရေးစီမံချက်ဖြင့် တီဘီရောဂါလူနာ (၁၃၅၀၀၀) ကျော်ကို ကုသမှုပေးထားကြောင်း သိရသည်။
တီဘီရောဂါစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို ၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှ (၂၀၁၈)ခုနှစ်၊ စက်တင်ဘာလကုန်အထိ ကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency