************
(၅)လတာအတွင်း ဘိုးရင်း 737 MAX 8 လေယာဉ် (၂)စင်းပျက်ကျမှုကြောင့် လူပေါင်း (၃၄၆)ဦး သေဆုံးခဲ့ပြီးနောက် ခရီးသည်များက လေယာဉ်အမျိုးအစားရွေးချယ်မှုများရှိလာပြီး အဆိုပါ လေယာဉ်အမျိုးအစားများ ပျံသန်းခြင်းကို ရပ်ဆိုင်းလိုက်သည့် နိုင်ငံအရေအတွက်လည်း တိုးလာနေသည်။
စင်္ကာပူ၊ တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ကူဝိတ်၊ ဗြိတိန်၊ သြစတေးလျ၊ မက္ကဆီကို၊ အီသီယိုးပီးယား၊ အာဖရိက၊ တောင်အာဖရိက၊ မော်ရိုကို၊ တူရကီ၊ နော်ဝေ၊ အိုမန်၊ အိုင်ယာလန်၊ မြောက်အမေရိကနိုင်ငံများ၊ တောင်အမေရိကနိုင်ငံများနှင့် ဥရောပနိုင်ငံများတွင် အဆိုပါလေယာဉ်အမျိုးအစားများ ဆင်းသက်ခွင့်ရပ်ဆိုင်းခြင်း၊ လက်ရှိအသုံးပြုနေသည်များကို ရပ်ဆိုင်းခြင်းများ လုပ်ဆောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
လူပေါင်း (၁၅၇)ဦးလိုက်ပါသွားသည့် အီသီယိုးပီးယားလေကြောင်းလိုင်းမှ Boeing 737 MAX 8 လေယာဉ်မှာ ၂၀၁၉ ခုနှစ် မတ်လ (၁၀)ရက်နေ့က ကွင်းမှတက်ပြီး (၆)မိနစ်အတွင်း ပျက်ကျသွားခဲ့ရာ လိုက်ပါသူအားလုံး သေဆုံးသွားခဲ့ပြီး အမျိုးအစားတူလေယာဉ်ဖြစ်သည့် အင်ဒိုနီးရှား Lion လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးမှာလည်း လွန်ခဲ့သည့်(၅)လခန့်က ခရီးသည် (၁၈၉)ဦးနှင့်အတူ ပျက်ကျခဲ့သဖြင့် လက်ရှိတွင် လေကြောင်းလိုင်းပေါင်း (၂၅)ခုက ၎င်းတို့အသုံးပြုနေသည့် Boeing 737 MAX 8 လေယာဉ်များကို ဆက်လက်အသုံးမပြုတော့ဘဲ ရပ်ဆိုင်းလိုက်ကြကြောင်း သိရသည်။
ဘိုးရင်းကုမ္ပဏီက လေယာဉ်ပျက်ကျမှုများအား စုံစမ်းစစ်ဆေးမှုများတွင် အနီးကပ်ပါဝင်ဆောင်ရွက်နေပြီး MAX မိသားစုအနေဖြင့် လေယာဉ်များ၏ ဘေးကင်းလုံခြုံရေးလိုက်နာဆောင်ရွက်ရမည့်အဆင့်များအားလုံးကို ဆောင်ရွက်ထားပါသဖြင့် 737 MAX ၏ လုံခြုံဘေးကင်းမှုအပေါ် ယုံကြည်မှုရှိကြောင်း ဘိုးရင်းကုမ္ပဏီ၏ စီအီးအိုက ကုမ္ပဏီဝန်ထမ်းများထံပေးပို့သည့်စာတွင် ဖေါ်ပြထားကြောင်း သိရသည်။
လေယာဉ်ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့တွင် အီသီယိုပီးယားနိုင်ငံ၏ ဝမ်းနည်းခြင်းနေ့အဖြစ် အီသီယိုးပီးယား ဝန်ကြီးချုပ်က ကြေညာထားသည်။
Tachileik News Agency