**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ (မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွမ်းလိန်းကျောင်းတိုက်ဝန်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပနေသည့် မိုင်းဖုန်းဆရာတော်၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ် တရားပွဲ ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူများအား သွားနှင့် အထွေထွေရောဂါများကို အခမဲ့ကုသပေးနေကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီနှင့် ပူးပေါင်း၍ Htoo Foundation၊ AGD Bank၊ FNI တို့အစီအစဉ်အရ သွားအထူးကုဆရာဝန်များအပါအဝင် သွားကုသမှုဆိုင်ရာ ပညာရှင်များ စုစုပေါင်း(၄၂)ဦးပါဝင်သည့်အဖွဲ့က လွမ်လိန်းကျောင်းတိုက်ဝန်းအတွင်းရှိ ဆေးခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့အထိ အခမဲ့ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဒေသအသီးသီးမှ လာရောက်ဖူးမြော်သူများ၏ အထွေထွေကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးခန်းကိုလည်း ဖွင့်လှစ်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်ရာ မွေးနေ့တရားပွဲအား ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိကျင်းပနေခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ လာရောက်ဖူးမြော်နေကြခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - ရဲမြင့်ဦး