ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပတ်ဝန်းကျင် နေအိမ်အတွင်း စွန့်ပစ်ရေဆိုးများ ဝင်ရောက် စေသည့် မုန့်ထုတ်လုပ်ငန်းခွင်အား ဌာန(၄)ခု ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့၌ ကွင်းဆင်းစစ်ဆေးရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြား ထားကြောင်း သိရသော်လည်း အောက်တိုဘာလ (၁၀)ရက်နေ့အထိ အဆိုပါအဖွဲ့က စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
"အဲဒါကို ကွင်းဆင်းစစ်ဆေးဖို့ အတွက် အဖွဲ့ ဖွဲ့ပေးထားပါတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ စည်ပင် အမှုဆောင် အရာရှိက အဖွဲ့တွေကို ချိန်းဆိုပြီးတော့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ကွင်းဆင်းရမှာပေါ့။ ကွင်းဆင်း မှတ်တမ်းနဲ့ အစီရင်ခံစာကတော့ ခုထိမတင်လာသေးပါဘူး။ (၃) ရက်နေ့မှာ သွားစစ်ဖို့ ညွှန်ကြား ထားပါတယ်။ တစ်ဌာနတည်းသွားပြီးတော့ ဖြေရှင်းလို့တော့မရပါဘူး"ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ(၉)ရှိ မုန့်လုပ်ငန်းတစ်ခုမှ စွန့်ပစ်ရေဆိုးများသည် ပတ်ဝန်းကျင်ရှိ အနိမ့်ပိုင်းနေအိမ် အတွင်း သြဂုတ်လအတွင်းမှစ၍ ဝင်ရောက်နေရာ လူနေ၍အဆင်မပြောတော့သဖြင့် သက်ဆိုင်ရာဌာနများက ဖြေရှင်းပေးရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဖွဲ့စုံနဲ့ကတော့ သွားပြီးတော့ မစစ်ဆေးရသေးပါဘူး။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကတော့ သွားပြီးတော့ ကြိုတင် စစ်ထားတာတော့ရှိပါတယ်။ အဲဒါကိုအမြန်ဆုံး လုပ်နိုင်ဖို့တော့ တိုက်တွန်းလိုက်ပါ့မယ်” ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (လားရှိုး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။
မုန့်လုပ်ငန်းမှ စွန့်ပစ်ရေဆိုးများဝင်နေသဖြင့် သက်ဆိုင်ရာက ဖြေရှင်းပေးရန် စက်တင်ဘာလ (၁၉) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးစီမံကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့သို့ တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်