ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုတွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်း စိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ဖန်မင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ သွင်းအားစုဓာတ်မြေသြဇာများ တတိယအကြိမ် ပေးအပ်ကြောင်း သိရသည်။
သတင်း - ဝေယံလင်း
စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တောင်သူများအား သီးနှံများ အထွက်နှုန်း တိုးတက်ရရှိစေရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များ ပြန့်ပွားရေးအတွက် လုပ်ငန်းစဉ် အဆင့်ဆင့်အား ပညာပေး ကွင်းဆင်း ဝန်ထမ်းများဖြင့် ကြီးကြပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
တောင်သူများအား စပါးစိုက်ပျိုးနည်းစနစ်၊ မျိုးကွဲပယ်နည်း၊ ပိုးသတ်ဆေးစနစ်တကျသုံးစွဲနည်းနှင့် EM ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း အသိပညာပေးလက်ကမ်းစာစောင်များအား မြန်မာ၊ ရှမ်း၊ လားဟူ ဘာသာများဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - ဝေယံလင်း
ဓာတ်ပုံ - စိုက်ပျိုးရေး