ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်(၂)၊ အထက(၁)အနီး ဘောလုံးကွင်းအတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ လူငယ်နှစ်ဦးအား စိတ်ကြွဆေးပြား အနည်းငယ်နှင့်အတူ ၂၀၁၈ ခုနှစ် ဇွန်လ (၁၉)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ့
ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့် အဖွဲ့သည် ည (၁၀)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် ဘောလုံးကွင်းအတွင်း ဝင်ရောက်ရှာဖွေရာ အသက် (၁၈)နှစ်အရွယ် ဟိန်းစိုးထက်နှင့် အသက် (၁၇)နှစ်အရွယ် ထွန်းလင်းနိုင်တို့နှစ်ဦးအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်ရောက်လာစဉ် ဟိန်းစိုးထက်က ခဲစက္ကူဖြင့်ထုပ်ထားသည့် အထုပ်အား လွှင့်ပစ်လိုက်သဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၂၂)ပြားကို တွေ့ရသဖြင့် ဟိန်းစိုးထက်နှင့် ထွန်းလင်နိုင်တို့အား၎င်းတို့စီးနင်းလာသည့် နံပါတ်မပါ Honda Wave 125 ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ဟိန်းစိုးထက်နှင့် ထွန်းလင်းနိုင်တို့အား ဇွန်လ (၂၀)ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်း၌ မယ(ပ)၉၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့