~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား (၅)ဦးကို ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။
မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားတွင် နေ့လယ် (၁၂)နာရီခွဲဝန်းကျင်၌ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား (၅)ဦးတို့ကို လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး တာချီလိတ်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဆိုင်ရာဌာန တို့က စိစစ်လက်ခံပြီး နေရပ်အသီးသီးသို့ ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ယခုု လွှဲပြောင်းပေးပို့လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ၄င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့်သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်းစသည်တို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဖက်မှ တာချီလိတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လာခဲ့သော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ မှာ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့အထိ စုစုပေါင်း အမျိုးသား (၄၄)ဦးနှင့် အမျိုးသမီး (၁၇)ဦး စုစုပေါင်း (၆၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေ/အုပ်