~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာမှ တောင်သူ ဦးစိုင်းဆမ်အား စိုက်ပျိုးရေးထူးချွန်ဆုကို ဖေဖေါ်ဝါရီလ (၇)ရက်နေ့က တောင်ကြီးမြို့၌ ကျင်းပသည့် ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်လိုက်ကြောင်း သိရသည်။
စိုက်ပျိုးရေးဌာန၏ လမ်းညွှန်မှုများအတိုင်း ဆင်းဧကရီ - ၃ မျိုးသန့်စပါးကို ပျိုးသက်နုစိုက်ပျိုးနည်း၊ ခေါင်နှံစိုက်ပျိုးနည်း၊ မျိုးသန့်မျိုးပွားစိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့သည့့် ဦးစိုင်းဆမ်အား စိုက်ပျိုးရေးထူးချွန်ဆုအား ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၁၇ - ၂၀၁၈ ခုနှစ် မိုးရာသီ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာကို တာချီလိတ်မြို့နယ် ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာတွင် တောင်သူ (၇၅)ဦး၏ ဧက (၃၀၀)တွင် အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးလှဝင်းဦးဆောင်သော ဝန်ထမ်းအဖွဲ့များက စိုက်ပျိုးရေးဦးစီးဌာနက အဆိုပါဒေသတွင် တောင်သူများ၏ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးမှုကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးမြေများ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့် သီးနှံပြုစုစောင့်ရှောက်သည့် လုပ်ငန်းများကို ဌာနနှင့် တောင်သူပူးပေါင်းဆောင်ရွက်တတ်စေရေးတို့အတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာကို တည်ထောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #ဇာနှင်း
ဓါတ်ပုံ #စိုက်ပျိုးရေး