သေဆုံးပြီး ပုပ်ပွနေသည့် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းအား ပြည်ထောင်စု လမ်းမကြီးဘေး၏ မိုင်တိုင် အမှတ်(၈၅)အနီးတွင် တွေ့ရှိရ၍ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင်းရှိ ပြည်ထောင်စု လမ်းမကြီး၏ မိုင်တိုင် အမှတ်(၈၅)အနီးတွင် လမ်းရှင်းလုပ်သားအချို့မှ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့ ညနေပိုင်းက တွေ့ရှိရာမှ နောင်ပိန်ကျေးရွာရှိ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက သွားရောက် ကူညီကာ အလောင်းအား သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ မည်သူ ဖြစ်ကြောင်းကို ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း သိရသည်။
"ညနေ ၅ နာရီလောက်က အကြောင်းကြား လာတဲ့အတွက် သွားသယ်ပေးခဲ့တာပါ။ သေဆုံးသူကို တွေ့ရတဲ့ နေရာနဲ့ ၄ ပေလောက် အကွာမှာ မီးရှို့ထားတာမျိုး နေရာတစ်ခုတွေ့ရတယ်။ သူကဘယ်သူ ဘယ်က ဆိုတာတော့ ခုထိ မသိရသေးဘူး၊ တလောကတော့ ကျောက်မဲဘက်ကနေ ဖုန်းနဲ့ အကြောင်းကြားလာတဲ့ လူပျောက်တဲ့ ကိစ္စတစ်ခုတော့ ရှိတယ်။ အဲ့အကြောင်းကြား လာတဲ့သူတွေလည်း နောင်ပိန်ကို လာနေတယ်။ သူတို့ပြောတဲ့ အဲ့ဒီလူက သေဆုံးသူ ဟုတ်မဟုတ်တော့ မသိရသေးဘူး။"ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)မှ ကိုအိုက်နောင့် က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ပုတ်ပွသေဆုံးနေသည့် အမည်မသိ အမျိုးသားအလောင်းအား တွေ့ရှိခြင်းနှင့် ပတ်သက်၍ နောင်ပိန်နယ်မြေ ရဲစခန်းမှ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)