"ဆရာတော်ရဲ့ မွေးနေ့မှာ ရောက်ရှိလာမဲ့ လူတွေများတဲ့အပြင် စတုဒိတာအနေနဲ့ လာလှူကြမဲ့ သူတွေလည်းများမှာ ဖြစ်တဲ့အတွက် မွေးနေ့ပွဲအတွင်း ဈေးရောင်းချလိုသူများအနေနဲ့ တစ်နေရာတည်းမှာ ဖြစ်အောင်လို့ အထကခွဲ(ဝမ်ပုံ)အတွင်းမှာပဲ ရောင်းချနိုင်ရန် စီစဉ်ထားပါတယ်။ ကျောင်းတိုက် ဧရိယာအတွင်း/အပြင် အပါအဝင် ပါဆာကျေးရွာအထိ ဈေးရောင်းချခွင့်မရှိပါဘူး"ဟု မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့ပွဲ ဖြစ်မြောက်ရေး ကော်မတီမှ ကော်မတီဝင်တစ်ဦးက ပြောသည်။
မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၅)နှစ်ပြည့် မွေးနေ့သည် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် ကျရောက်မည် ဖြစ်သော်လည်း ဝိဇာတမွေးနေ့ အစီအစဉ်အား ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ကစ၍ မိုင်းဖုန်းဆရာတော်၏ လွမ်းလိန်းကျောင်းတိုက်တွင် ဇန်နဝါရီလ(၅)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့ပွဲ ကျင်းပမည့် (၅)ရက်တာ ကာလအတွင်း ဆရာတော်အား လာရောက်ဖူးမြှော်ကြည်ညိုကြသူများကို အကျွေးအမွေးများဖြင့် လာရောက်လှူဒါန်းနိုင်ရန်အတွက် ကျောင်းဝန်းအတွင်း မဏ္ဍပ်များ သီးသန့်ပြုလုပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။