ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဆိုင်ကယ်ဖြင့် ဘိန်းစိမ်း သယ်လာသူနှင့် ခရီးသည်တင် မှန်လုံယာဉ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူတို့အား ဒီဇင်ဘာလ (၁၇)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
သတင်း - #နန်းဟွမ်ခမ်း
မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၁၇)ရက်နေ့ က ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးနေစဉ် နေ့လယ် (၂)နာရီခန့်၌ မောင်လွင်ဆိုသူ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ဘိန်းစိမ်း (၁၄)ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး ည (၉)နာရီခန့်တွင် ခရီးသည်တင်မှန်လုံ မော်တော်ယာဉ်ကိုရှာဖွေရာ ခရီးသည်တစ်ဦးဖြစ်သည့် ချစ်မောင်ဆိုသူ၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀)ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မောင်လွင်နှင့် ချစ်မောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။