ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နောင်ယားကန်ဘေးတွင် ဧပြီလ (၇) ရက်နေ့ နေ့လယ် (၂) နာရီခွဲခန့်က မိုးရွာသွန်းချိန်၌ လမ်းမပေါ်ရှိ ကားတစ်စီးပေါ်သို့ သစ်ပင်တစ်ပင် ရုတ်တရက်လဲကျသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးအရေးပေါ် ကုသမှုခံယူနေရကြောင်း သိရသည်။
"ကျွန်တော်တို့ သစ်ပင်ပိနေတဲ့ ကားထဲက ဆွဲထုတ်ခဲ့တယ်။ ကားမောင်းတဲ့သူကတော့ အရေးပေါ် အဆင့်နဲ့ပေါ့။ သူ့ဘေးက ဦးသန်းစိုး အငယ်တန်းအင်ဂျင်နီယာပေါ့။ သူကတော့ ကျွန်တော်တို့ ကြိုးစားကြည့်သေးတယ်။ မရတော့ဘူး ဆုံးသွားတယ်။ ကလေးနဲ့မိန်းမတစ်ယောက်ကတော့ လွတ်သွားတယ် "ဟု ရွှေလွိုင်ကော်ပရဟိတအသင်းမှ ကိုစောဝဏ္ဏက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
သစ်ပင်မှာ ကားပေါ်လဲကျသဖြင့် ကားမောင်းသူမှာ အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ကားမောင်းသူဘေးတွင် လိုက်ပါလာသည့် အငယ်တန်းအင်ဂျင်နီယာ ဦးသန်းစိုးမှာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း