ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် နိုဝင်ဘာလအတွင်း မူးယစ်ဆေးဝါး (၄)ကြိမ်မြောက် ဖမ်းဆီးရရှိမှု အဖြစ် နိုဝင်ဘာလ (၁၆) ရက်က ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း ကျောက်မဲမြို့နယ်ရဲစခန်းက သိရသည်။
သတင်း - နေဖြိုးမြင့်
"အမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်အပါအဝင် အမျိုးသား (၄)ဦးကို အမှုဖွင့် အရေးယူထားပါတယ်။ ရှာဖွေ ဖမ်းဆီးပေးတာက ရဲအုပ်မင်းမင်းနဲ့အဖွဲ့ပါ"ဟု ကျောက်မဲမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
နိုဝင်ဘာလ(၁၆)ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်က ကျောက်မဲမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ နေအိမ်အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စစ်ဆေးရှာဖွေရာမှ အိမ်ရှင်ကျော်ခိုင် အပါအဝင် အမျိုးသား (၄)ဦးနှင့်အား စိတ်ကြွဆေးပြား (၃,၉၄၇)ပြား နှင့် ဘိန်းဖြူအမှုန့် (၁၁၁.၇)ဂရမ်တို့ကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီထက်များများ ဖမ်းနိုင်ရင် ပိုကောင်းတာပေါ့။ ခုနောက်ပိုင်း ရဲတွေ အလုပ်တော်တော်လုပ်လာ ကြတာ တွေ့တယ်။ ပြည်သူတွေလည်း အပြစ်ရှာပြီး လူမှုကွန်ရက်တွေမှာ လျှောက်ရေးနေမယ့်အစား သတင်းရရင် ရဲကို တိုင်တန်းတာ ပိုကောင်းမယ်လို့ ထင်တယ်"ဟု ကျောင်းဆရာမတစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် အမျိုးသား (၄)ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၆၅/ ၂၀၁၆ နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅ / ၁၉ ( က ) ၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း ရဲနှင့်ပြည်သူပူးပေါင်းပါဝင်မှု ပိုမိုများပြားလာပြီးနောက် မူးယစ်ဆေးဝါးများပိုမို ဖမ်းဆီးလာနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးမှု (၆၅)ကြိမ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျောက်မဲမြို့နယ်ရဲစခန်းမှ သိရသည်။
သတင်း - နဖြေိုးမြင့်