အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ဘိုးဘွားပူဇော်ကန်တော့ပွဲအား ကျင်းပပြုလုပ်ရာ ဘိုးဘွား (၇၉)ဦး ကန်တော့ ခံတက်ရောက်ကြောင်း နှင့် ပြည်နယ်အစိုးရအဖွဲ့မှလည်း တက်ရောက်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
“သက်ကြီးရွယ်အို အများစု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲမှု၊ ကျန်းမာရေး မပြည့်မစုံ၊ လူမှုရေး အထီးကျန်ဆန်မှုနဲ့ လူမှုအခွင့်အရေးတွေကို လူ့အသိုက်အဝန်း တစ်ခုလုံးက သိရှိနားလည် ဖြည့်ဆည်းပေးနိုင်ရေးနဲ့ အနာဂတ်မှာ တိုးပွားများပြားလာမယ့် သက်ကြီးရွယ်အိုများရဲ့အရေးကို အလေးအနက်ထားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဘိုးဘွားပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။
အဆိုပါ အခမ်းအနားသို့ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် (၂၂)ခုမှ အသက် (၈၇)နှစ်နှင့်အထက် ဘိုးဘွားများအား ဖိတ်ကြားခြင်းဖြစ်ပြီး၊ ဘိုးဘွားတစ်ဦးလျှင် ကျပ် (၃၅,ဝဝဝ)နှင့် အလှူပစ္စည်းများ ပေးအပ် လှုဒါန်းကြောင်း သိရသည်။
ဘိုးဘွားပူဇော်ကန်တော့ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - နိုနို