တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်မှာရှိတဲ့ မယ်ခေါင်ဘုန်းတော်ကြီးကျောင်းမှာ ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနစ်များစွာထဲက အတီး၊ အက နဲ့ သိုင်းပညာရပ်တွေကို အောက်တိုဘာ(၁၈)ရက်နေ့ကစတင်ကာ (၁၀)ရက်တိုင်တိုင်သင်ကြားပေးခဲ့ပါတယ်။
သင်တန်းဆင်းပွဲကိုတော့ အောက်တိုဘာလ (၂၈)ရက်နေ့ ညပိုင်းမှာ ရှမ်းတိုင်းရင်းသားများရိုးရာယဉ်ကျေးမှု အဆို အကများနဲ့ သင်တန်းတက်ရောက်ခဲ့ကြသူ ရှမ်းတိုင်းရင်းသား လူငယ်မောင်မယ်များက ဖျော်ဖြေခဲ့ကြပါတယ်။
သင်တန်းမှာ သင်တန်းသား(၂၀၀)ကျော်ရှိပြီး ရှမ်းတိုင်းရင်းသားတွေရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ ကိန္ဒရီကိန္ဒရာအကအပါအဝင်၊ အိုးစည်ဗုံမောင်းတီးခတ်ပုံ၊ ရှမ်းတို့ရဲ့ ရိုးရာယဉ်ကျေးမှုအကတွေ နဲ့ ရှမ်းသိုင်းတွေကိုလည်း သင်ကြားပေးခဲ့တာလို့ သိရပါတယ်။