မြန်မာ - ထိုင်း နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပုံပါကျင်အနီးသို့ ထိုင်းနိုင်ငံဘက်မှ လူလိုက်ပါလာသည့် ဂလိုက်ဒါ ယာဉ်(၄)စီး ကျူးကျော် ၀င်ရောက်လာ၍ မြန်မာနိုင်ငံမှ ကန့်ကွက်လိုက်ကြောင်း Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )၏ ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သိရသည်။
ထိုင်းနိုင်ငံမှ ဂလိုက်ဒါယာဉ်(၄)စီးသည် အောက်တိုဘာလ (၂၃)ရက်နေ့ နံနက်(၉) နာရီဝန်းကျင်က မြန်မာနိုင်ငံ လေပိုင်နက်အတွင်းသို့ အမြင့်ပေ (၁၀၀၀)ခန့်အကွာမှ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး နံနက်(၁၀)နာရီခွဲဝန်းကျင်အထိ အချိန်(၁)နာရီခွဲဝန်းကျင်ကြာ ပျံသန်းခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ အကြောင်းကြားခြင်းမရှိဘဲ မြန်မာ့လေပိုင်နက်သို့ ကျူးကျော်လာခြင်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးခြင်းဖြစ်သဖြင့် ယခုကဲ့သို့ လုပ်ဆောင်မှုအား ကန့်ကွက်လိုက်ပြီး နောင်အလားတူ ကျုးကျော်မှုမျိုး မလုပ်ဆောင်ရန် နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား ရှေးရှု၍ အထူးဂရုပြု ဆောင်ရွက်သွားရန် ထိုင်းနိုင်ငံ မြို့နယ် အဆင့်နယ်ခြား ကော်မတီ(TBC)သို့ မြန်မာဘက်မှ အသိပေး အကြောင်းကြားလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။