ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်ရှိ ဟောင်လိတ်မီးပွိုင့် လမ်းဆုံတွင် အောက်တိုဘာလ (၂၈)ရက်နေ့  ည(၁၁)နာရီခွဲ အချိန်ခန့်က မူးယစ်တပ်ဖွဲ့(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးအဖွဲ့မှ ပိတ်ဆို့ စစ်ဆေးရှာဖွေခဲ့ရာမှ ဘိန်းစိမ်းနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ စစ်ဆေးရှာဖွေနေစဉ် တာချီလိတ်ဘက်မှ မယ်ယန်းလမ်းဘက်သို့ အားဖီး(ကျား) မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ရာမှ၎င်းလွယ်ထားသော လွယ်အိတ်ထဲမှ (၇၅,ဝဝဝ)ကျပ်ခန့်တန်ဖိုးရှိပြီး အလေးချိန်(၅၀)ဂရမ်ခန့်ရှိသည့် ဘိန်းစိမ်း(၁)ထုပ်၊ (၁၂၄,၅၀၀)ကျပ်တန်ဖိုးရှိ Wyစာတန်းပါ စိတ်ကြွဆေးပြား (၈၃)ပြားနှင့် ထိုင်းဘတ်ငွေရောရာ (၆,၄၇၀)ဘတ် တို့ကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသော အားဖီးဆိုသူအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၉၉/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)၊၂၀(က)အရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။